
ဘိုကာဂျူနီယာကို သတိထားပြီးကစားရမယ်လို့ ဘိုင်ယန်အသင်းသားတွေကို သတိပေးလိုက်တဲ့ကွန်ပနီ
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပထမဆုံးပွဲစဉ်မှာ အော့ကလန်ကို ၁၀-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဘိုကာဂျူနီယာနဲ့ယှဉ်ပြိုင်သွားရမယ့် ဒုတိယမြောက်ပွဲစဉ်မှာတော့ သတိထားပြီးကစားသွားရမယ်လို့ အသင်းသားတွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာဟာ အဖွင့်ပွဲမှာ ဘင်ဖီကာကို အနိုင်ရဖို့နီးစပ်ခဲ့ပေမယ့် ၂ ဂိုးဦးဆောင်ပြီးမှာ ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရလို့ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပနီက ဘိုကာဂျူနီယာဟာ အန္တရာယ်များတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ မှတ်ချက်ပြုလာခဲ့တာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကွန်ပနီက "ကျွန်တော်တို့ဒီပြိုင်ပွဲရဲ့အရည်အသွေးကို ကောင်းကောင်းသိပါတယ်။ ဒီကိုလာပြိုင်တဲ့အသင်းတွေက ချန်ပီယံတွေချည်းပါပဲ။ ဘိုကာဂျူနီယာက အရမ်းအန္တရာယ်များတဲ့အသင်းပါ။ ယုံကြည်ချက်ပြင်းထန်ပြီး စိတ်ခွန်အားအပြည့်နဲ့ယှဉ်ပြိုင်နေပါတယ်။ ကျွန်တော်တို့ ဘိုကာဂျူနီယာကိုလေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အသင်းရဲ့အရည်အသွေးကိုပြသနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကွန်ပနီက သူဟာအာဂျင်တီးနားကလပ်တွေရဲ့ ကစားဟန်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ဥရောပမှာကစားနေတဲ့ အာဂျင်တီးနားကစားသမားတွေနဲ့လည်း ရင်ဆိုင်ခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားနည်းပြက "ကျွန်တော် ဥရောပလိဂ်တွေမှာကစားနေတဲ့ အာဂျင်တီးနားသားတွေအကြောင်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ဒီပွဲက ကျွန်တော်တို့အတွက် အဝေးကွင်းပွဲစဉ်လိုဖြစ်လာဖို့ရှိပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်လိုအသင်းရဲ့စိတ်ဓာတ်ကို ဒီပွဲမှာပြသသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ယာမယ်လ်မူစီယာလာဟာ ပြီးခဲ့တဲ့အော့ကလန်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဟက်ထရစ်သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် ဘိုကာဂျူနီယာနဲ့ပွဲမှာ ပွဲထွက်ပါဝင်လာဖို့ အလားအလာရှိနေပါတယ်။ ကွန်ပနီက "မူစီယာလာနဲ့ အူပါမီကာနိုတို့ အနားယူနေရတာကြာပါပြီ။ သူတို့အခုလို ကြံ့ခိုင်မှုပြည့်ဝပြီး ပြန်ကစားနိုင်တာမြင်ရတာ ဝမ်းသာပါတယ်။ အခြားကစားသမားတွေကလည်း ဒီပွဲအတွက် ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။