The network connection is lost.

Banner Image

လာမယ့်ရာသီသစ်အတွက် အာမိုရင်ကို သတိပေးလိုက်တဲ့ ယူနိုက်တက်အမှုဆောင် အိုမာဘာရာဒါ

ပြီးခဲ့တဲ့ရာသီတုန်းက စိတ်ပျက်ဖွယ်ရာသီတစ်ခုကိုဖြတ်သန်းခဲ့ရပြီးနောက် ယူနိုက်တက်အမှုဆောင် အိုမာဘာရာဒါက လာမယ့်ရာသီမှာအသင်းအနေနဲ့ တိုးတက်မှုရှိဖို့လိုအပ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာမိုရင်အနေနဲ့ သတိပေးမှုရရှိခဲ့ပြီဖြစ်ကာ လာမယ့်ရာသီမှာမဖြစ်မနေတိုးတက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအဖြစ် အဆင့် ၁၅ နေရာအထိ ကျဆင်းခဲ့သလို ယခင်တုန်းကလည်း အဆင့် ၈ နဲ့ရာသီသိမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေဟာ ၁၉၇၃ - ၇၄ ရာသီမှာ တန်းဆင်းခဲ့ပြီးနောက် အဆိုးဝါးဆုံးအခြေအနေဖြစ်လာခဲ့ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်မှာ အခွင့်အရေးရှိခဲ့ပေမယ့် တော့တင်ဟမ်အသင်းကိုအရေးနိမ့်ခဲ့တာကြောင့် ဥရောပဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။

“ယူရိုပါလိဂ်ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့လို့ ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဒုတိယနေရာပဲရခဲ့လို့ စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာလည်း ခက်ခဲခဲ့ပါတယ်။ အဲ့တာက ကျွန်တော်တို့အဆင့်အတန်းကျဆင်းနေပြီဆိုတာ ပြသနေပါတယ်။ကျွန်တော်တို့ လာမယ့်ရာသီမှာ တိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ ဘာရာဒါက ပြောကြားခဲ့ပါတယ်။

အာမိုရင်တစ်ယောက် နိုဝင်ဘာမှာယူနိုက်တက်ထံရောက်လာခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ၁၄၅ နှစ်တာကာလအတွင်း အဆိုးဝါးဆုံးအသင်းအဖြစ် ကင်ပွန်းတပ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အာမိုရင်ကို ယူနိုက်တက်တာဝန်ရှိသူတွေက အခွင့်အရေးဆက်ပေးထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီမှာ လူအင်အားဖြည့်တင်းမှာဖြစ်ပြီး ကန်ဟာ နဲ့ အမ်ဘွီမိုတို့ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ဒါ့အပြင် မလိုအပ်တဲ့ကစားသမားတွေကိုပါ ရောင်းထုတ်ပြီး ထိပ်တန်းအဆင့်ကစားသမားတွေနဲ့ ပြန်လည်အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ရောင်းထုတ်မယ့်ကစားသမားတွေထဲမှာ ရက်ရှ်ဖို့ဒ် ၊ ဆန်ချို နဲ့ အန်တိုနီတို့လိုထိပ်တန်းကစားသမားမျိုးတွေလည်း ပါဝင်နေပါတယ်။