
အီဆက် နယူးကာဆယ်မှထွက်ခွာဖို့ အလားအလာရှိတယ်လို့ အေးဂျင့်ဖြစ်သူပြော
နယူးကာဆယ်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ရဲ့ ကိုယ်စားလှယ်ဖြစ်သူက ဆဲလ်တစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ အီဆက်ဟာ အသင်းကနေထွက်ခွာဖို့ အလားအလာရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။
အသက်-၂၅ နှစ်အရွယ်ကစားသမားကို လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ပစ်မှတ်ထားစောင့်ကြည့်နေခဲ့တာဖြစ်ပြီး တန်ကြေးကြီးကြီးနဲ့ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပါတယ်။သို့သော်လည်း နယူးကာဆယ်က အီဆက်ကိုရောင်းမှာမဟုတ်ကြောင်း တုံ့ပြန်ထားတာကြောင့် လီဗာပူးဟာ ဖရန့်ဖတ်ကြယ်ပွင့် ဟူဂိုအက်ကီတီကိုခေါ်ယူဖို့ အာရုံစိုက်နေပြီး သဘောတူညီမှုရရှိထားပြီလို့သိရပါတယ်။
နယူးကာဆယ်အနေနဲ့ အီဆက်ကို ယခုနွေရာသီအတွင်း ရောင်းချဖို့မရှိကြောင်းပြောကြားထားပေမယ့် စကော့တလန်ကလပ် ဆဲလ်တစ်နဲ့ပွဲမှာတော့ ကစားသမားကို လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။ ဒါကြောင့် အီဆက်ရဲ့အနာဂတ်ဟာ သံသယဝင်စရာဖြစ်လာခဲ့ပြီး ကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ နယူးကာဆယ်ကနေ ထွက်ခွာသွားဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
ယခုအခါမှာ အီဆက်ရဲ့ကိုယ်စားလှယ်တစ်ဦးကလည်း "ကျွန်တော်တို့ ရွေးချယ်စရာတွေကို သေချာဂရုစိုက်ပြီး စောင့်ကြည့်နေပါတယ်။ ကမ်းလှမ်းမှုတွေအပေါ်မူတည်ပြီး အပြောင်းအရွှေ့အတွက် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းနိုင်ဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ အီဆက်အနေနဲ့ နယူးကာဆယ်မှာပဲဆက်နေမလား အပြောင်းအရွှေ့ပြုလုပ်သွားမလားဆိုတာ အသေးစိတ်မသိရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီကတော့ အီဆက်နဲ့ပတ်သက်ပြီး "သူ ဆဲလ်တစ်နဲ့ပွဲမှာမပါဝင်တာက ကျွန်တော်အိမ်ပြန်ပို့လိုက်လို့ပါ။ သူကစားဖို့အဆင်သင့်မဖြစ်သေးတာကြောင့် နှစ်ဦးနှစ်ဘက်သဘောတူညီမှုနဲ့ သူ့ကိုလူစာရင်းကနေချန်လှပ်ခဲ့ပါတယ်။ ဂျိုလင်တန်နဲ့သူနဲ့က ကြံ့ခိုင်မှုပြည့်ဝနေပေမယ့် ကစားဖို့တော့အဆင်သင့်မဖြစ်သေးပါဘူး။ လေ့ကျင့်ရေးတွေလုပ်နေပေမယ့် စွန့်စားမှုမယူချင်လို့ လူစာရင်းမှမထည့်ခဲ့တာပါ"
"ကျွန်တော်သူနဲ့ ဆွေးနွေးမှုအချို့ပြုလုပ်ထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း တိုတောင်းတဲ့ကစားသမားတစ်ယောက်ရဲ့ ဘဝကို လေးစားပါတယ်။ အီဆက်က အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါကြောင့် သူနဲ့ပတ်သက်တဲ့ကောလာဟလတွေတော့ ရှိနေမှာပါပဲ"
"ကျွန်တော်တို့မှာ အစားထိုးလို့မရတဲ့ကစားသမားတွေရှိနေပါတယ်။ ထိပ်တန်းကစားသမားတွေက ရှာဖွေရခက်သလို အစားထိုးရလည်းခက်ပါတယ်။ ဒါကြောင့် အသင်းမှာ ဒီလိုကစားသမားမျိုးရှိတဲ့အခါ ရတနာတစ်ခုလိုပဲတန်ဖိုးထားရပါတယ်။ ကျွန်တော်တို့သူ့ကို အသင်းမှာဆက်ထိန်းထားချင်ပါတယ်။ သူ နယူးကာဆယ်မှာပျော်နေပြီး အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေကိုလည်း ချစ်ခင်ပါတယ်။ လာမယ့်ရာသီအစမှာ သူအသင်းအတွက်ကစားပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အီဆက်ဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်ဆိုစီဒက်မှ နယူးကာဆယ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ကာရာဘောင်ဆုဖလားနဲ့ ချန်ပီယံလိဂ်င်ခွင့်တို့ရရှိအောင်စွမ်းဆောင်းပေးနိုင်ခဲ့ပါတယ်။