
ဒမ်ဘီလီကို ပွဲထုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားလိုက်တဲ့ ဒက်စ်ချန့်စ်
ဒီဒီယာ ဒက်စ်ချန့်စ်က ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယူကရိန်းကို ရင်ဆိုင်ရာမှာ အူစမာနီ ဒမ်ဘီလီကို ပွဲထုတ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒီအုပ်စုရဲ့ ပထမဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မိုက်ကယ် အိုလီဆေးနဲ့ ကီလီယန် အမ်ဘာပေတို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ အခုဆိုရင် အမ်ဘာပေက သီယာရီ အွန်နရီရဲ့ ပြင်သစ်အသင်းအတွက် ဒုတိယအများဆုံး သွင်းဂိုး (၅၁) ဂိုးနှင့် တူညီသွားပါပြီ။
ဒမ်ဘီလီဟာ ပွဲချိန် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာခဲ့ပေမယ့် ၈၁ မိနစ်မှာ လီဗာပူးက ဟူဂို အီကီတီကီနဲ့ လူစားလဲလှယ်ခဲ့ရပြီး ပီအက်စ်ဂျီ ကြယ်ပွင့်ဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပုံရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့အကြီးအကဲတွေကတော့ တူးလော့စ်အသင်းနဲ့ပွဲစဉ်မှာလည်း ဒမ်ဘီလီ အလားတူ ဒဏ်ရာမျိုး ရခဲ့တာကြောင့် သူ့ကို ပွဲထုတ်ခဲ့တဲ့အပေါ် ဒေါသထွက်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒက်စ်ချန့်စ်ကတော့ အခုဖြစ်ခဲ့တဲ့ ဒဏ်ရာ ၂ မျိုးက ဆက်စပ်မှုမရှိဘူးလို့ အလေးပေး ပြောကြားခဲ့ပါတယ်။
‘သူသာ ကြံ့ခိုင်မှုမရှိရင် ကျွန်တော် ခေါ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒဏ်ရာက ပေါင်ခြံတစ်ဖက်တည်း မဟုတ်ပါဘူး။ သူ့အတွက် ကံမကောင်းတာက ဒီလိုမျိုးဖြစ်ခဲ့ရတာပါ။ အရင်က ဘာမှမဖြစ်ခဲ့တဲ့သူတစ်ယောက် ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် သူ့ကို ခေါ်ထားတယ်ဆိုရင် သူက ကြံ့ခိုင်နေလို့ပါ။ မဟုတ်ရင်တော့ တခြားကစားသမားတစ်ယောက်ကို ခေါ်ထားမှာပါ။ သူ့ကိုယ်သူ ထင်မြင်ယူဆနေပုံနဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေကြောင့် အနည်းငယ်လေးတောင်မှ စိုးရိမ်ပူပန်မှု မရှိခဲ့ပါဘူး’လို့ ဒက်စ်ချန့်စ်က ပြောပါတယ်။
ဒက်စ်ချန့်စ်ကတော့ ဒမ်ဘီလီဟာ အသင်းရဲ့နောက်ထပ်ခြေစစ်ပွဲဖြစ်တဲ့ အိုက်စလန်နဲ့ ပွဲစဉ်မှာ ပါဝင်မှာ မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ အိုက်စလန်အသင်းက အဇာဘိုင်ဂျန်ကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ဒီအုပ်စုရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ပီအက်စ်ဂျီအသင်းကတော့ စက်တင်ဘာ ၁၄ ရက်နေ့မှာ လိဂ်ပွဲစဉ်အဖြစ် လန်းစ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ဒမ်ဘီလီ ပြန်လည်ကြံ့ခိုင်လာဖို့ မျှော်လင့်နေမှာပါ။ ဒါ့အပြင် နောက်လာမယ့် နိုင်ငံတကာပွဲစဉ်မတိုင်ခင် ချန်ပီယံလိဂ်ပွဲစဉ်တွေအဖြစ် အတ္တလန္တာနဲ့ ဘာစီလိုနာတို့ကိုလည်း ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။