The network connection is lost.

Banner Image

နယူးကာဆယ်ကစားသမားတွေ အာရုံစူးစိုက်မှုအပြည့်ရှိပါတယ်လို့ ဆိုလိုက်တဲ့ နည်းပြအက်ဒီဟိုဝီ

စိန့်ဂျိမ်းစ်ပတ်ခ်မှထွက်ခွာမယ်ဆိုတဲ့ တိုက်စစ်မှူးအီဆက်ခ်နဲ့ ပတ်သက်လို့ ထင်ကြေးများစွာထွက်ပေါ်နေပေမယ့် ပရော်ဖက်ရှင်နယ်ပီသတဲ့ နယူးကာဆယ်ကစားသမားတွေဟာ ပရီးမီးယားလိဂ်ရာသီသစ်အတွက် အာရုံစူးစိုက်မှုအပြည့်ရှိနေပါတယ်လို့ နည်းပြအက်ဒီဟိုဝီက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်မိုဆာလက် (၂၉ ဂိုး)နောက်မှာ သွင်းဂိုး ၂၃ ဂိုးနဲ့အတူ ရပ်တည်နိုင်ခဲ့တဲ့ အီဆက်ခ်က အာရှဒေသဆီထွက်ခွာလာတဲ့ နယူးကာဆယ်အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ ဆွီဒင်လက်ရွေးစင်အဖြစ် ၅၂ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၂ ခုနှစ်အတွင်း ဆိုစီဒက်မှ နယူးကာဆယ်ဆီ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၀၉ ပွဲ ပါဝင်ကစားပေးကာ ၆၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စင်ကာပူမှာ အာဆင်နယ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီး နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက ဒီခရီးစဉ်မှာ ကစားသမားတွေ ပုံမှန်အတိုင်းပဲ ရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟိုဝီက “လေ့ကျင့်ရေးထက် အခြားကိစ္စတွေမှာ အာရုံစိုက်နေတယ်ဆိုရင် ဒီလိုခရီးစဉ်မျိုးမှာ လိုက်ပါဖို့အတွက် အခွင့်အရေးမရှိပါဘူး။ လာမယ့်ပွဲစဉ်မှာလည်း အဆင့်အတန်းမြင့်မားလွန်းလို့ ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားရပါမယ်။ သဘာဝကျကျပြောရရင်တော့ အီဆက်ခ်လို အရည်အသွေးရှိတဲ့ ကစားသမားမျိုး ဆုံးရှုံးသွားရလိမ့်မယ်လို့ဆိုတဲ့ ခံစားချက်က ကျွန်တော့်ဆီမှာရော၊ အသင်းဆီမှာပါ ရှိပါတယ်။ ဒါကို မငြင်းဆန်လိုပါဘူး။

ပြီးတော့ ကစားသမားတွေဆီမှာ ဒီလိုခံစားမှုမျိုးမရှိပါဘူးလို့ ကျွန်တော် ထိုင်ပြောနေလို့ မရပါဘူး။ ဒါပေမဲ့ သူတို့တွေက ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်ပြီး အခုအခြေအနေအပေါ် စီမံထိန်းချုပ်ကာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားပဉ္စမနေရာနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့တဲ့ နယူးကာဆယ်က လာမယ့်ဗုဒ္ဓဟူးနေ့၊ တောင်ကိုရီးယားမှာ K-League All-Star အသင်းနဲ့ ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားပါမယ်။