
စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ယူရို ၂၀၂၅ ဆုဖလားကို အင်္ဂလန်အမျိုးသမီးအသင်း ဆွတ်ခူး
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီး ယူရို ၂၀၂၅ ဗိုလ်လုပွဲမှာ အင်္ဂလန်အမျိုးသမီးသင်းဟာ စပိန်အမျိုးသမီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ စပိန်အသင်းဟာ အင်္ဂလန်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို၊ ဂိုးရရှိဖို့အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပေမယ့် သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၁-၁ ဆိုတဲ့သရေရလဒ်သာဖော်ဆောင်နိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်သွားခဲ့တာဖြစ်ပါတယ်။
စပိန်အတွက်ဦးဆောင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၂၅ မိနစ်မှာ ကယ်လ်ဒန်တေက စတင်သွင်းယူခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ၅၇ မိနစ်မှာ ရက်ဆိုက အင်္ဂလန်အတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ၁-၁ နဲ့သရေကျနေတာကြောင့် အချိန်ပို မိနစ် ၃၀ ကစားခဲ့ရာမှာ ၂ သင်းစလုံးသွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပင်နယ်တီမှာ အင်္ဂလန်မှ ဘက်သ်မိဒ်က ပထမဆုံးအလုံးမှာတင် စတင်လွဲချော်ခဲ့ပေမယ့် အဲလက်စ်ဂရင်းဝုဒ်၊ နီယမ်ချာလက်စ်နဲ့ ကလိုကယ်လီတို့က ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး စပိန်ဘက်ကတော့ ပက်ထရစ်ရှာဂွီဂျာရိုတစ်ယောက်သာ ဝင်ကန်သွင်းနိုင်ခဲ့တာကြောင့် အင်္ဂလန်က ၃-၁ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ အင်္ဂလန်ဂိုးသမား ဟန်နာဟပ်တန်က "ဒီအသင်းအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဒီအသင်းရဲ့အမှတ်တံဆိပ်ကိုဝတ်ဆင်ရတာ အရမ်းဝမ်းသာပါတယ်။ အင်္ဂလိဂ်လူမျိုးဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံး ကျွန်မတို့ကို အားပေးနေမယ်လို့ယုံကြည်ပြီး ကျွန်မတို့အသင်းက ဒီလိုအားပေးမှုတွေနဲ့ ထိုက်တန်ကြောင်းလည်း သက်သေပြပြီးပါပြီ" လို့ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဝီလီယမ်ဆန်ကလည်း "ကျွန်မလည်ပင်းမှာ ဆုတံဆိပ်ကိုချိတ်ဆွဲပြီး ဆုဖလားကိုကိုင်မြှောက်ခဲ့ရတာ အခုထိမယုံနိုင်သေးပါဘူး။ ပြိုင်ဘက်တွေကိုရင်ဆိုင်ခဲ့ရတာထက် ဒီလိုမျိုးဆုဖလားဆွတ်ခူးရတာက ပိုပြီးတော့ ပရမ်းပတာနိုင်ပါသေးတယ်။ ပထမဆုံးပွဲမှာတင် ကျွန်မတို့ ရှုံးပွဲစကြုံခဲ့ပေမယ့် အခုတော့ ချန်ပီယံတွေအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါက ဘောလုံးလောကရဲ့အရသာတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ဆုဖလားအောင်မြင်မှုအတွက် အောင်ပွဲခံအခမ်းအနားကို အမိုးဖွင့်ကားတွေနဲ့ လန်ဒန်မြို့အတွင်း ကျင်းပသွားမယ်လို့သိရပါတယ်။