
ဆရာဖြစ်သူဟာ တော့တင်ဟမ်မှာအောင်မြင်မယ်လို့ ထောက်ခံလိုက်တဲ့ တော့တင်ဟမ်စတား
ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်က ဆရာဖြစ်သူ သောမက်စ်ဖရန့်ခ်တစ်ယောက် တော့တင်ဟမ်မှာ အောင်မြင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။ ဒိန်းမတ်သားက ဖရန့်ခ်ဟာ တော့တင်ဟမ်မှာ အဆင်ပြေနိုင်ပြီး မှန်ကန်တဲ့ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်သားဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အလွတ်နဲ့ထွက်ခွာတော့မှာဖြစ်ပြီး တော့တင်ဟမ်ကိုပြောင်းနိုင်ချေရှိနေပါတယ်။အင်တာဗျူးတစ်ခုမှာ အဲရစ်ဆင်က “တော့တင်ဟမ်အနေနဲ့ ဖရန့်ခ်ကိုခေါ်ယူခဲ့တာက မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် သောမက်စ်နဲ့အချိန်အတော်ကြာရှိခဲ့ဖူးပါတယ်။ တော့တင်ဟမ် နဲ့ သူက ပြီးပြည့်စုံတဲ့သူတွေဖြစ်လာနိုင်ပါတယ်။
သောမက်စ်အနေနဲ့ အခုစိန်ခေါ်မှုကိုလက်ခံမယ်ဆိုရင် ကောင်းမွန်နိုင်ပါတယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး ၊ သူ့ရဲ့ကစားပုံက အဆင်ပြေနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ယူရိုပါလိဂ်ရခဲ့ပေမယ့် အသင်းက တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် တပ်အပ်ပြောနိုင်တာကတော့ သောမက်စ်က ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်အခုဘယ်ဆီကနေမှကမ်းလှမ်းမှုမရသေးပါဘူး။ တစ်စုံတစ်ခုဖြစ်ခဲ့ရင် သောမက်စ်ကခေါ်ယူနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ပိုစတီကိုဂလူကိုထုတ်ပယ်ပြီးနောက် ဘရန့်ဖို့ဒ်နည်းပြကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ တကယ်လို့ ဖရန့်ခ်အနေနဲ့ နည်းပြသစ်ဖြစ်လာခဲ့ရင် အဲရစ်ဆင်အနေနဲ့ တော့တင်ဟမ်ပြောင်းနိုင်ချေရှိနေတာဖြစ်ပါတယ်။ ၂၀၂၂ တုန်းကလည်း ဘရန့်ဖို့ဒ်မှာ အဲရစ်ဆင် နဲ့ ဖရန့်ခ်တို့ လက်တွဲညီခဲ့တာဖြစ်ပြီး အခုတော့တင်ဟမ်ရောက်ခဲ့ရင်လည်း ထပ်မံခေါ်ယူနိုင်ချေရှိနေပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မေဂျာလိဂ် နဲ့ ဆော်ဒီလိဂ်ကိုလျစ်လျူရှုပြီး ယူနိုက်တက်မှာ ဆက်နေခဲ့ကာ အခုတော့ အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့အေးဂျင့်ကတော့ သူ့ကစားသမားဟာ နယ်သာလန်လိဂ်ကိုပြန်ဖို့လည်း လမ်းဖွင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။