
FC Seoul နဲ့ပွဲစဉ်အတွင်း ဘာစီလိုနာကပ္ပတိန်ဂါဗီရဲ့ခြေစွမ်းကို အထူးတလည်ချီးကျူးခဲ့တဲ့ ဟန်စီဖလစ်ခ်
ယမန်နေ့၊ FC Seoul နဲ့ခြေစမ်းပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်ကစားသမားဂါဗီကို ဟန်စီဖလစ်ခ်က အထူးတလည်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ဂါဗီက ဘာစီလိုနာကပ္ပတိန်လက်ပတ်ကိုလည်း ဝတ်ဆင်ခဲ့ပြီး တောင်ကိုရီးယားမြေနိုင်ပွဲအပြီး နည်းပြဖြစ်သူထံမှ ချီးကျူးဂုဏ်ပြုမှုအများအပြား ရရှိခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ဂါဗီက No.6 Role မှာရော၊ No.8 Role မှာပါ ကစားနိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးခါနီးမှာ သူ့ကို ပြန်မြင်တွေ့ရပြီး အရမ်းကောင်းမွန်တဲ့ အဆင့်အတန်းမျိုးမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့မှာလည်း ဂါဗီဆီမှ ကျွန်တော်မြင်တွေ့ချင်တဲ့အရာတွေကို အတိအကျပြန်မြင်တွေ့လာရပါတယ်။ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ပြီး အသင်းကို မောင်းနှင်ပေးခဲ့ပါတယ်။ ဒီလိုပုံစံမျိုး သူ့ကိုမြင်တွေ့ရတာ ကောင်းပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဟန်စီဖလစ်ခ်က အာရှရာသီကြိုခရီးစဉ်အတွင်း နောက်ထပ်နိုင်ပွဲရရှိမှုနဲ့ပတ်သက်လို့ ယေဘုယျအားဖြင့် သုံးသပ်ဝေဖန်ခဲ့ပါတယ်။ သူက “ ကစားသမားတိုင်း ပွဲကစားချိန် ၄၅ မိနစ်စီ ရရှိခဲ့ပါတယ်။ အဲရစ်ဂါစီယာရော၊ အင်နီဂိုမာတီနက်ဇ်ပါ ရုန်းကန်ခဲ့ရလို့ စောင့်ကြည့်ပေးဖို့ အထူးအရေးကြီးခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ကောင်းမွန်တဲ့စတင်မှုတစ်ခုရှိခဲ့ပြီး နောက်ပိုင်း နှေးကွေးလေးလံသွားပေမယ့် ဒီနောက်ပိုင်းမှာတော့ ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုဆီ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အလားတူပါပဲ။ ဂါဗီ၊ ဖာရန်တောရက်စ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့လိုပဲ ဂါရတ်မာတင်လည်း ပုံမှန်ကစားနေကျနေရာမှာ မကစားခဲ့ရပါဘူး”လို့ ပြောပါတယ်။
အခုတော့ ဘာစီလိုနာက Daegu FC နဲ့ရင်ဆိုင်ဖို့ ခရီးထွက်ခွာသွားပြီး အာရှရာသီကြိုခရီးစဉ်ရဲ့ပွဲစဉ်သုံးခုလုံးမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။