The network connection is lost.

Banner Image

အမ်ဘွေမိုက ယူနိုက်တက်ရဲ့ နွေရာသီအကောင်းဆုံး ကစားသမားခေါ်ယူမှုဖြစ်တယ်လို့ ရွန်းနီချီးကျူး

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရလာပြီး ဂိုးတွေဆက်တိုက်သွင်းယူလာနိုင်တဲ့ တောင်ပံကစားသမား ဘရိုင်ယန်အမ်ဘွေမိုဟာ နွေရာသီကစားသမားခေါ်ယူမှုတွေအနက် အကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

အမ်ဘွေမိုရဲ့ခြေစွမ်းပြသမှုနဲ့အတူ ယူနိုက်တက်ဟာ နည်းပြရူဘင်အာမိုရင်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်နိုင်ပွဲရရှိထားပြီး ချီးကျူးမှုတွေလည်း ခံထားရတာဖြစ်ပါတယ်။ အမ်ဘွေမိုဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘရန့်ဖို့ဒ်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကိုတော့ ဩဂုတ်လက ဘန်လေကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ထို့နောက်မှာတော့ ကင်မရွန်းလက်ရွေးစင်ဟာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသလာနိုင်ပြီး လီဗာပူး၊ ဘရိုက်တန်တို့နဲ့ပွဲစဉ်တွေမှာ ၂ ပွဲဆက်တိုက်ဂိုးသွင်းလာနိုင်ခဲ့ကာ ပရိသတ်အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ရဲ့နွေရာသီခေါ်ယူမှုတွေထဲက ဂိုးသမား ဆန်နီလန်မန်းစ်နဲ့ မားသီးယက်စ်ကွန်ညာတို့ကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ရွန်းနီကတော့ အမ်ဘွေမိုကသာ နွေရာသီအကောင်းဆုံးခေါ်ယူမှုဖြစ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်းက "အမ်ဘွေမိုရဲ့ အဓိကအကျဆုံးတိုးတက်မှုက တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်တာဖြစ်ပါလိမ့်မယ်။ မှန်ကန်တဲ့နေရာမှာ ခြေစွမ်းတည်ငြိမ်နေရင် အခွင့်အရေးတွေရလာပြီး ဂိုးတွေသွင်းနိုင်မှာပုံမှန်ပါပဲ။ တိုက်စစ်ကစားသမားတစ်ယောက်က ဂိုးတွေသွင်းပြီး ခြေစွမ်းမှန်နေရင် နောက်ထပ်သွင်းဂိုးတွေထပ်ရဖို့ မခက်ခဲတော့ပါဘူး။ အမ်ဘွေမိုက သူ့ကိုယ်သူလည်း ယုံကြည်မှုရှိတဲ့ကစားသမားပါ။ ဒီလိုပုံစံကို ဆက်ထိန်းနိုင်မယ်ဆိုရင် သူက ယူနိုက်တက်ရဲ့ ဒီရာသီ အကောင်းဆုံးခေါ်ယူမှုဖြစ်မှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရွန်းနီသာမက နည်းပြအာမိုရင်ကလည်း ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ "သူက အလုပ်လုပ်နေတဲ့စက်တစ်လုံးလိုပါပဲ။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အရမ်းတိုးတက်လာပါတယ်။ သူနဲ့ အာမက်တို့ကြားက အချိတ်အဆက်ကလည်း အတော်လေးအားကောင်းလာပြီး တစ်ဦးချင်းဖြတ်ကျော်မှုတွေမှာ အရမ်းတော်ကြပါတယ်"

"ကျွန်တော်က မန်နေဂျာတစ်ယောက်အနေနဲ့ သူ့ဆီကနေ ဘာတွေလိုချင်တယ်ဆိုတာ ပြောထားပါတယ်။ ဒါပေမယ့် ကလပ်က ကျွန်တော့်ထက်သူ့ဆီကလိုချင်တာတွေပိုများပါတယ်။ ယူနိုက်တက်မှာ ဘယ်ကစားသမားဖြစ်ဖြစ် ပွဲစဉ်တိုင်းမှာခြေစွမ်းပြဖို့လိုပါတယ်။ ချန်ပီယံလိဂ်ပဲဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ပဲဖြစ်ဖြစ် ဘယ်လိုပွဲမျိုးမှာမဆို ကစားသမားတိုင်းက အကောင်းဆုံးဖြစ်တဲ့ခြေစွမ်းကို ပြသနိုင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲတိုက်အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ သို့သော်လည်း တနင်္ဂနွေနေ့က ဘုန်းမောက်ကို ၂-၀ နဲ့အရေးနိမ့်ထားခဲ့တဲ့ ဖောရက်စ်အနေနဲ့ နည်းပြသစ် ရှောင်ဒိုက်ရဲ့လက်အောက်မှာ ဖိအားတွေကိုလျှော့ချဖို့ကြိုးစားနေတာကြောင့် ယူနိုက်တက်အတွက် လွယ်ကူတဲ့ပြိုင်ဘက်ဖြစ်လာဖို့မရှိပါဘူး။