
ယခုနွေရာသီမှာ ယူနိုက်တက်မှ ထွက်ခွာလိုခြင်းမရှိတဲ့ ဟွိုက်လန်း
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ အင်တာမီလန်ရဲ့ချိတ်ဆက်မှုတွေရှိနေပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ အသင်းကနေထွက်ခွာလိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အင်တာမီလန်အနေနဲ့လည်း ပြင်သစ်သားတိုက်စစ်မှူး အန်ဂျီယောင်ဘွန်နီကို ခေါ်ယူလိုက်ကြောင်း အတည်ပြုထားတာကြောင့် ဟွိုက်လန်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ နောက်ထပ်တစ်ရာသီဆက်နေဖို့ အလားအလာများလာခဲ့ပါတယ်။
အသက်-၂၂ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၂ ရာသီအတွင်း စုစုပေါင်း ၉၅ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ၂၆ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် အသင်းနဲ့လမ်းခွဲတော့မယ်လို့ သတင်းကြီးလာခဲ့တာဖြစ်ပါတယ်။ အခုလို ဂိုးသွင်းနှုန်းကျဆင်းနေပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပေမယ့် ဟွိုက်လန်းဟာ ယူနိုက်တက်မှာ နောက်ထပ်တစ်ရာသီ ဆက်လက်နေထိုင်လိုကြောင်း အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။
ရိုမာနိုက "ရက်စ်မွတ်စ်ဟွိုက်လန်းက ဒီနွေရာသီအတွင်းမှာတော့ ယူနိုက်တက်နေထွက်ခွာလိုခြင်းမရှိသေးပါဘူး။ သူအသင်းမှာ ဆက်နေချင်ပါသေးတယ်။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ဟွိုက်လန်းရဲ့အပြောင်းအရွှေ့အတွက် အခြားတစ်သင်းသင်းနဲ့ အတော်လေးအဆင်ပြေအောင်ညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင်တော့ ရောင်းချနိုင်ဖို့ရှိပါတယ်။ အင်တာမီလာက ဟွိုက်လန်းကို ချဉ်းကပ်ခဲ့ပေမယ့် အခုတော့ ဆွေးနွေးမှုတွေကို ရပ်တန့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရတော့ ယူနိုက်တက်ဟာ ဟွိုက်လန်းကိုရောင်းချပြီး အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကိုခေါ်ယူဖို့ ကြိုးစားသွားမယ်လို့သိရပါတယ်။ လာမယ့်ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်အဖြစ် လိဒ်ယူနိုက်တက်ကို စတော့ခ်ဟုမ်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ အမေရိကန်သို့ ခြေစမ်းခရီးစဉ်ထွက်ခွာသွားရပါမယ်။
လာမယ့်ရက်သတ္တပတ် ၂ ပတ်အတွင်းမှာတော့ ဟွိုက်လန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေတစ်ခု ထွက်ပေါ်လာဖွယ်ရှိနေပြီး ယူနိုက်တက်အနေနဲ့ ဒိန်းမတ်လက်ရွေးစင်နေရာမှာ ဝက်ကင်းစ်နဲ့အစားထိုးသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။