
ဘိုင်ယန်မြူးနစ်မှထွက်ခွာခဲ့မှုအပေါ် နောင်တရခြင်းအလျှဉ်းမရှိဘူးလို့ ဆိုလိုက်တဲ့ ရှာကွီရီ
ပက်ဂွါဒီယိုလာအပေါ် အနည်းငယ်ထိုးနှက်ဖို့ ရည်မှန်းထားတဲ့ ရှာကွီရီက ဘိုင်ယန်မြူးနစ်မှထွက်ခွာခဲ့မှုနဲ့စပ်လျဉ်းလို့ နောင်တမရပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ရှာကွီရီက ၂၀၁၅ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို စွန့်ခွာခဲ့ခြင်းအပေါ် နောင်တမရဘူးလို့ သုံးသပ်လိုက်ပြီး မှန်ကန်ခဲ့တဲ့ရွေးချယ်မှုအဖြစ် လီဗာပူးနဲ့အတူရရှိခဲ့တဲ့ ချန်ပီယံလိဂ်အောင်ပွဲကို ထောက်ပြသွားပါတယ်။ ပက်ဂွါဒီယိုလာလက်အောက်၊ ဘာဗေးရီးယန်ကစားသမားဘဝမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အခက်တွေ့ခဲ့တဲ့ ဆွစ်လက်ရွေးစင်ဟောင်းက ဥရောပမှာထပ်မံရရှိလာတဲ့ သူ့ရဲ့အောင်ပွဲကို ရည်ညွှန်းကာ သူ့ရဲ့ထွက်ခွာမှုကို အကဲဖြတ်ခဲ့ပြီး လက်ရှိမန်စီးတီးနည်းပြအပေါ် မသိမသာဝေဖန်သွားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဆီ ရှာကွီရီရောက်ရှိလာပြီးနောက် တစ်နှစ်အကြာမှာပဲ ပက်ဂွါဒီယိုလာ နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဟောင်းလက်အောက် ရှာကွီရီရဲ့ပထမဆုံးဘောလုံးရာသီ (၂၀၁၃-၂၀၁၄ ဘောလုံးရာသီ)က ပြိုင်ပွဲစုံ ၂၇ ပွဲသာကစားရပြီး ကြံ့ခိုင်မှုပိုင်းပြည့်ဝနေရေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဘောလုံးရာသီမှာတော့ ရှာကွီရီအတွက် အရာအားလုံးဟာ အတော်လေးဆိုးရွားသွားခဲ့ပြီး ဘွန်ဒက်စ်လီဂါကနဦး ၁၆ ပွဲမှာ ခုနစ်ပွဲကို ပွဲကစားခွင့်မရရှိတဲ့ အရန်ကစားသမားအဖြစ် ကျော်ဖြတ်ခဲ့ရပါတယ်။ အခုလိုပွဲကစားခွင့်နည်းပါးနေခြင်းကြောင့် ဆောင်းရာသီအပြောင်းအရွှေ့မှာပဲ အင်တာမီလန်ဆီပြောင်းရွှေ့ခွင့် ရရှိခဲ့ပါတယ်။ နောက်ထပ်ခြောက်လအကြာမှာပဲ သူက စတုတ်စီးတီးဆီ ပြောင်းရွှေ့သွားပြီး ၂၀၁၈ ခုနှစ်မှာ လီဗာပူးနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူ့ရဲ့လီဗာပူးကစားသမားဘဝအဖွင့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Ran သတင်းဌာနနဲ့တွေ့ဆုံခန်းမှာ ရှာကွီရီဆီ “ ပက်ဂွါဒီယိုလာလက်အောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာ အသင်းမှထွက်ခွာခဲ့မှုအပေါ် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယူဆသလား” ဆိုတဲ့ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။ ရှာကွီရီက “ ဟုတ်ပါတယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော့်ရဲ့အတိတ်ကာလလှုပ်ရှားမှုတွေအပေါ် ဘယ်တော့မှ နောင်တမရပါဘူး။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ရာနှုန်းပြည့်ယုံကြည်မှုနဲ့အတူ ဆုံးဖြတ်ချက်တိုင်းကို ချမှတ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ကောင်းကောင်းအလုပ်ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် ဘိုင်ယန်မြူးနစ်မှထွက်ခွာလာပြီးနောက် ကျွန်တော်က လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား နောက်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အရမ်းကြီးဆိုးရွားနေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်အတွက် အရေးပါတဲ့အရာအချို့ကို အရယူပြီး ကစားသမားဘဝအဆင့်တိုင်းအတွက် အကျိုးကျေးဇူးတွေ ရယူနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒီနောက်မှာ ရှာကွီရီက လိုင်ယွန်နဲ့အတူ လီဂူးဝမ်း၊ ချီကာဂိုဖိုင်းယားနဲ့အတူ မေဂျာလိဂ်ကစားသမားအဖြစ် ကာလတိုဖြတ်သန်းခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ သူက ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဘေဆယ်လ်ဆီ ပြန်ရောက်ရှိလာခဲ့ပါတယ်။ လာမယ့်အောက်တိုဘာလမှာ အသက်-၃၄ နှစ်ပြည့်မြောက်ဖို့ရှိပေမယ့် ရှာကွီရီကတော့ ကစားသမားဘဝအနားယူဖို့ စိတ်ကူးမရှိသေးပါဘူး။