
နယူးကာဆယ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ၁၅ နှစ်သားလေး မက်ဇ်ဒိုမန်ကို အာတီတာချီးကျူး
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ တနင်္ဂနွေနေ့ညက နယူးကာဆယ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းအတွက်အထူးခြေစွမ်းပြသခဲ့တဲ့ အသက်-၁၅ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး မက်ဇ်ဒိုမန်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဒိုမန်ဟာ ဒုတိယပိုင်း မိနစ် ၆၀ မှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပင်နယ်တီပြစ်ဒဏ်ဘောရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားဟာ တစ်ကိုယ်တော်ထိုးဖောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပြီး နယူးကာဆယ်ဘက်ကို ဂိုးသွင်းလုနီးပါးအထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အာတီတာက "ဒိုမန်က ထူးခြားတဲ့ကောင်းလေးတစ်ယောက်ပါ။ နယူးကာဆယ်လိုအသင်းမျိုးနဲ့ကစားခဲ့ရတဲ့ ဒီလိုပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က ချွန်ထွက်နေခဲ့ပါတယ်။ သာမန် ၁၅ နှစ်အရွယ်ကစားသမားတစ်ယောက်မလုပ်နိုင်တာတွေ သူဒီနေ့မှာလုပ်ပြခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအတွက် ဝမ်းသာစရာပါ"
"သူ့မိသားစုနဲ့ သူ့ရဲ့ပတ်ဝန်းကျင်ကလူတွေကလည်း အကူအညီပေးတတ်ကြသူတွေပါ။ ဒါကြောင့်ပဲ သူဒီနေရာကို စောစောစီးစီးရောက်လာခဲ့တာပါ။ ပွဲဦးထွက်မှာပဲ ခြေစွမ်းပြသနိုင်ခဲ့လို့ ဒါကသူ့အတွက် အခွင့်အရေးဖြစ်လာစေမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ဒိုမန်ဟာ အာဆင်နယ်ရဲ့အနာဂတ်အတွက် မျှော်လင့်လို့ရတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာပြီး လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်မှာတောင် ပွဲထွက်ပါဝင်ခွင့်ရဖို့ အခွင့်အရေးရလာနိုင်ပါတယ်။ အာဆင်နယ်ပရိသတ်တွေအနေနဲ့လည်း အသက်-၁၅ နှစ်အရွယ်ကစားသမားကို တခဲနက်အားပေးနေကြပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ထားကြပါတယ်။
လာမယ့်သောကြာနေ့မှာတော့ အာဆင်နယ်ဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက်တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို ဟောင်ကောင်မှာကျင်းပသွားမယ်လို့သိရပါတယ်။ တော့တင်ဟမ်နဲ့ပွဲမှာ ဒိုမန်တစ်ယောက် အာဆင်နယ်အတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ခွင့်ရသွားမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။