The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်မှာပဲ ဆက်နေဖို့ မာတာတိုက်တွန်း

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဂျူအန်မာတာက ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းမှာပဲ ဆက်လက်နေထိုင်ဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ အစီအစဉ်တွေမှာ မပါဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပြီး ယခုအခါမှာတော့ အသင်းနဲ့ အပြီးသတ်လမ်းခွဲဖို့ အလားအလာများနေတာဖြစ်ပါတယ်။ သို့သော်လည်း မာတာကတော့ ရက်ရှ်ဖို့ဒ်သာ ယူနိုက်တက်မှာဆက်နေမယ်ဆိုရင်တော့ ကစားသမားအတွက်ရော အသင်းအတွက်ပါ အကျိုးအမြတ်ရှိစေမယ်လို့ဆိုပါတယ်။ 

ယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာကိုခေါ်ယူထားခဲ့သလို၊ ကွန်ညာဟာ အသင်းမှာ ကျောနံပါတ် ၁၀ ကိုဝတ်ဆင်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းသစ်သို့ပြောင်းရွှေ့ဖို့ ပိုမိုအားကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် အင်္ဂလန်လက်ရွေးစင်ဟာ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ လောလောဆယ်မှာတော့ လာလီဂါချန်ပီယံ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေပေမယ့် ယူနိုက်တက်က ကစားသမားအတွက် ပေါင်သန်း ၄၀ တောင်းဆိုထားတာကြောင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့လိုအပ်ဦးမှာဖြစ်ပါတယ်။ 

ယခုအခါမှာ ရက်ရှ်ဖို့ဒ်ရဲ့အသင်းဖော်ဟောင်း မာတာက "ယူနိုက်တက်ပရိသတ်တစ်ယောက်၊ ရက်ရှ်ဖို့ဒ်ရဲ့မိတ်ဆွေတစ်ယောက်အနေနဲ့ပြောချင်တာကတော့ သူ့ကို ယူနိုက်တက်မှာပဲ အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပါတယ်။ ဒီကလပ်ကသူ့ရဲ့ ငယ်ဘဝကလပ်ပါ။ ဘာတွေဖြစ်လာမလဲကျွန်တော်မသိပေမယ့် သူယူနိုက်တက်မှာဆက်နေမယ်ဆိုရင် ပျော်ရွှင်ပြီးအောင်မြင်တဲ့ ကစားသမားဘဝကို ပြန်ရလာနိုင်ပါတယ်။ ဒါက သူ့အတွက်ရော၊ အသင်းအတွက်ပါ အကျိုးရှိစေမယ့်ဆုံးဖြတ်ချက်ပါ"

"ကျွန်တော်သူ့ကို လေ့ကျင့်ရေးအစီအစဉ်မှာ ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီး သဘောကျခဲ့ပါတယ်။ သူ့ကို အံ့ဖွယ်ကောင်လေးလို့ပါ ကျွန်တော်တို့ခေါ်ခဲ့ကြပါတယ်။ သူကစားတဲ့ပုံစံက အကြောက်တရားကင်းပြီး အကောင်းဆုံးခြေစွမ်းကို အမြဲတမ်းထုတ်ပြနိုင်တဲ့သူပါ" လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ နှစ် ၂၀ ကြာနေထိုင်ခဲ့တဲ့ ငယ်မွေးခြံပေါက် အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ယခုအခါမှာတော့ လမ်းခွဲဖို့သတင်းတွေက ဆက်တိုက်ထွက်ပေါ်နေတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့လမ်းခွဲ့ဖို့ စိတ်အားထက်သန်နေကြောင်း ဖော်ပြထားပြီး မကြာသေးမီက "ဘယ်သူမဆို ကမ္ဘာ့အကောင်းဆုံးအသင်းတွေမှာပဲကစားချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်သွားရပါဦးမယ်" လို့ပြောကြားခဲ့ပါတယ်။ 

သတင်းတွေအရ ဘာစီလိုနာဟာ အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးနေရာမှာ ရက်ရှ်ဖို့ဒ်ကို အစားထိုးထည့်သွင်းနိုင်ဖို့ အခုကတည်းက ခေါ်ယူလိုနေတယ်လို့သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ တောင်ပံကစားသမားဖြစ်ပေမယ့် နံပါတ် ၉ နေရာမှာလည်း ကစားနိုင်တဲ့ စွယ်စုံရတိုက်စစ်မှူးဖြစ်ပါတယ်။

နံပါတ် ၉ နေရာမှာကစားနိုင်သလားဆိုတဲ့မေးခွန်းကိုလည်း အင်္ဂလန်သားက "ကျွန်တော့်အတွက်တော့ အသက်ကြီးလာတာနဲ့အမျှ နံပါတ် ၉ နေရာနဲ့ တဖြည်းဖြည်းအသားကျလာပါတယ်။ ဂိုးသွင်းဖို့အတွက် အင်အားစိုက်ထုတ်ဖို့သိပ်မလိုတဲ့နေရာဖြစ်လို့ ဂိုးရဖို့လည်း ပိုပြီးတော့ လွယ်ကူစေပါတယ်။ ဂိုးရှေ့မှာ အမြဲတမ်းရှိနေရင် ပြိုင်ဘက်အတွက်အမြဲတမ်းအန္တရာယ်ရှိနေမှာပါ" လို့ဖြေကြားခဲ့ပါတယ်။