
ယူနိုက်တက်က စီးပွားရေးဆန်တဲ့ဘောလုံးအသင်းဖြစ်တယ်လို့ ဗန်ဟားလ် ဝေဖန်
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က လက်ရှိယူနိုက်တက်ဟာ ဘောလုံးကိုအာရုံစိုက်ခြင်းမရှိဘဲ စီးပွားရေးအတွက်သာအာရုံစိုက်နေတဲ့အသင်းဖြစ်တယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။
ဗန်ဟားလ်က သူ့အနေနဲ့ ယူနိုက်တက်ကို ဘောလုံးကို အဓိကဂရုစိုက်တဲ့အသင်းအဖြစ် မမြင်တွေ့ရသည်မှာ အတော်ကြာခဲ့ပြီလို့လည်း ပြောကြားလာခဲ့ပါတယ်။ ဗန်ဟားလ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂ ရာသီကြာနေထိုင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အတွက် အက်ဖ်အေဖလားတစ်ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နယ်သာလန်သားနည်းပြက ယူနိုက်တက်အနေနဲ့ ဘောလုံးမှာအောင်မြင်မှုပြန်လည်ရရှိလိုပါက လီဗာပူးရဲ့လမ်းစဉ်နောက်ကိုလိုက်ပြီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့လိုအပ်တယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
ဗန်ဟားလ်က "ယူနိုက်တက်က စီးပွားရေးဆန်တဲ့ဘောလုံးအသင်းဖြစ်နေတုန်းပါ။ ကျွန်တော်ဒါကို အရင်ကလည်းပြောခဲ့ဖူးပါတယ်။ အသင်းအတွက် ဘယ်ကစားသမားကိုခေါ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မန်နေဂျာကမချမှတ်နိုင်ရင် အဲဒီအသင်းအတွက် အခက်အခဲတွေရှိလာမှာပါပဲ"
"ယူနိုက်တက်က မန်နေဂျာလိုချင်တဲ့ကစားသမားတွေမခေါ်ဘဲ စီးပွားရေးအတွက် တွက်ခြေကိုက်မယ့် ကစားသမားတွေခေါ်နေပါတယ်။ ပြီးတော့ ရလဒ်ဆိုးတွေကြုံလာရင် မန်နေဂျာကို ရာထူးကနေဖြုတ်ပါတယ်။ လီဗာပူးမှာဆိုရင် အန်းစလော့က သူလိုချင်တဲ့ကစားသမားကို အသင်းရဲ့ နည်းစနစ်ဒါရိုက်တာကိုပြောပါတယ်။ ပြီးရင်တော့ အဲဒီကစားသမားကိုခေါ်ပြီး အသင်းအတွက်အသုံးချပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗန်ဟားလ်က "အဲရစ်တန်ဟက်က နည်းပြကောင်းတစ်ယောက်ပါ။ သူက ယူနိုက်တက်အတွက်သင့်တော်တဲ့နည်းပြပါ။ ဒါပေမယ့် ယူနိုက်တက်က စီးပွားရေးဆန်တဲ့ကလပ်ဖြစ်နေတော့ သူ့အတွက် ရွေးချယ်ရ ခက်ခဲစေပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘောလုံးဆန်တဲ့ကလပ်ကိုသွားတာပိုကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဗန်ဟားလ်ရဲ့အမြင်မှာ ယူနိုက်တက်ဟာ အသင်းရဲ့တွဲဖက်ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ဦးဆောင်မှုနဲ့အတူ ပိုမိုစီးပွားရေးဆန်နေတယ်လို့ ယူဆနေတာလည်းဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေမှာ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်လိုမျိုး ဥရောထိပ်သီးကလပ်တွေရဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဗန်ဟားလ်ဟာ ဘောလုံးလောကထဲသို့ပြန်လည်ဝင်ရောက်ခြင်းမရှိသေးဘဲ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့နဲ့သာ ဆက်လက်နေထိုင်နေတယ်လို့သိပါတယ်။ ယခုလာမယ့်နွေရာသီမှာတော့ ဗန်ဟားလ်တစ်ယောက် ဥရောပဘောလုံးလောကထဲသို့ပြန်လည်ဝင်ရောက်လာမလား ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ဦးဆောင်သွားမလား စောင့်ကြည့်ရပါမယ်။