The network connection is lost.

Banner Image

အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန့်တ်ဝပ်ဂိုးသမား လမ်မန်းစ်ကို ခေါ်ယူလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာတော့ ဘယ်လ်ဂျီယံပရိုလိဂ်ကလပ် ရွိုင်ရယ်အန့်တ်ဝပ်ဂိုးသမား ဆန်နီလမ်မန်းစ်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ်သာရှိသေးတဲ့ လမ်မန်းစ်အနေနဲ့ ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကတော့ ပေါင် ၁၈.၂ သန်း+ အပိုဆုကြေး ၃.၄ သန်းဖြစ်တယ်လို့ သိရပါတယ်။ စာချုပ်ပါသဘောတူညီချက်အရ ယူနိုက်တက်အနေနဲ့ လမ်မန်းစ်ကိုပြန်လည်ရောင်းချပါက အန့်တ်ဝပ်ထံ အကျိုးအမြတ်တစ်စုံတစ်ရာထပ်မံပေးချေစရာမလိုဘူးလို့လည်း The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။ 

လမ်မန်းစ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အန်ဒရေအိုနာနာ၊ အယ်လ်တေးဘယင်ဒါတို့နဲ့ နေရာအတွက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး ယူနိုက်တက်အတွက် နံပါတ် ၁ ဂိုးသမားဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးမှုတွေရှိနေပါတယ်။ လက်ရှိယူနိုက်တက်ဂိုးသမားတွေဖြစ်တဲ့ အိုနာနာနဲ့ ဘယင်ဒါတို့ဟာ လက်စွမ်းပြသဖို့ရုန်းကန်နေကြရပြီး ယခုရာသီယူနိုက်တက်ကစားထားတဲ့ ပွဲစဉ်တိုင်းမှာ သွင်းဂိုးတွေခွင့်ပြုထားခဲ့ကြရပါတယ်။ 

ယူနိုက်တက်သို့ပြောင်းရွှေ့လာပြီးနောက် လမ်မန်းစ်က "ယူနိုက်တက်ကိုပြောင်းရွှေ့နိုင်ခဲ့လို့ ပြောမပြတတ်အောင်ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်အတွက် မမေ့နိုင်စရာအချိန်တွေဖြစ်ခဲ့ပါတယ်။ အရမ်းထူးခြားကောင်းမွန်တဲ့ အရာတစ်ခုကို အစပြု နိုင်ပြီလို့ ခံစားရပါတယ်"

"ယူနိုက်တက်မှာရှိနေတဲ့ အငွေ့အသက်က အရမ်းအပြုသဘောဆောင်ပါတယ်။ လာမယ့်နှစ်တွေမှာ အသင်းကို ထိထိရောက်ရောက်ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ အသင်းဖော်တွေနဲ့ နည်းပြရူဘင်အာမိုရင်တို့ရဲ့ အလုပ်လုပ်ပုံတွေကို မြင်တွေ့ရဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီနေရာက တိုးတက်မှုကိုရှာဖွေဖို့ အကောင်းဆုံးနေရာပါ။ အသင်းနဲ့အတူ တိုက်ပွဲဝင်ပြီး အောင်မြင်မှုတွေရရှိဖို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။

အရပ် ၆ ပေ ၄ လက်မအထိအမြင့်ရှိတဲ့ လမ်မန်းစ်ဟာ အန့်တ်ဝပ်အသင်းအတွက် ပြိုင်ပွဲစုံ ၆၄ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၂၀၂၃ ခုနှစ် ဘယ်လ်ဂျီယံစူပါဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ စွယ်စုံရဂိုးသမားဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ကို စတင်ကစားခွင့်မရသေးပေမယ့် ပြီးခဲ့တဲ့ဇွန်လ မြောက်မက်ဆီဒိုးနီးယား၊ ဝေးလ်တို့နဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ဘယ်လ်ဂျီယံလူစာရင်းမှာတော့ ရွေးချယ်ခံထားခဲ့ရပါတယ်။ 

လမ်မန်းစ်ဟာ ယခုစက်တင်ဘာလအတွင်း ဘယ်လ်ဂျီယံရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက်လူစာရင်းမှာ ရွေးချယ်ခံထားရခြင်းမရှိပေမယ့် လာမယ့် ၁၄ ရက်နေ့ မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ကစားသွားနိုင်ဖွယ်ရှိပါတယ်။