
ဒီလစ်ချ်ရဲ့ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်လို့ အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဘရန့်ဖို့ဒ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတဲ့ ဗဟိုခံစစ်မှူး ဒီလစ်ချ်ရဲ့အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာမိုရင်ဟာ ဘီလ်ဘာအိုကိုအနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစာရင်းအတိုင်း အသုံးပြုခဲ့ခြင်းမရှိဘဲ ၈ နေရာအထိ အပြောင်းအလဲပြုလုပ်ပြီး ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဒီလစ်ချ်ဟာ ဒဏ်ရာပြဿနာမှပြန်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ပထမပိုင်းမှာပဲ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဝစ်ဆာနဲ့ ထိခိုက်မိပြီး လူစားလဲခံခဲ့ရပါတယ်။
နောက်တန်းကစားသမားဟာ ဒဏ်ရာရရှိကာ ကွင်းထဲသို့လဲကျခဲ့ပြီးနောက် လူစားလဲမှုပြုလုပ်ဖို့ အသင်းရဲ့အရန်ခုံတန်းဘက်ကို အချက်ပြခဲ့တာဖြစ်ပါတယ်။အာမိုရင်အနေနဲ့လည်း ဒီလစ်ချ်ကို ဟယ်ရီမက်ဂွါရီနဲ့ ချက်ချင်းပဲလူစားလဲခဲ့ပြီး သိပ်မကြာခင်မှာပဲ လုခ်ရှောကို ထပ်မံလူစားလဲခဲ့ပါတယ်။
ဒီလစ်ချ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ရာမှာ အာမိုရင်က "ကျွန်တော်မသိရသေးပါဘူး။ ဒါ့ကြောင့် စိုးရိမ်ရတဲ့အခြေအနေလို့ထင်ပါတယ်။ကျွန်တော်တို့ လုခ်ရှောကို လူစားလဲခဲ့တာကလည်း ဒဏ်ရာပြဿနာကြုံတွေ့မှာစိုးလို့ပါ။ကြာသပတေးနေ့ပွဲအတွက် ကစားသမားတွေ လိုအပ်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးရာသီနဲ့ ကြုံတွေ့သွားရတော့မှာဖြစ်ပါတယ်။ သို့သော်လည်း ယူရိုပါလိဂ်မှာတော့ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ခြေစွမ်းပိုကောင်းလာတယ်ဆိုတာ သံသယမရှိပါဘူး။ ကျွန်တော်တို့ရဲ့ကစားဟန်ကိုလည်း ကောင်းကောင်းနားလည်ပါတယ်။ ဒီပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် ဒါကို တွန်းအားတစ်ခုအနေနဲ့ အသုံးချသွားရပါမယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်မှာ တိုက်ပွဲဝင်နေတာကြောင့် လာမယ့် ကြာသပတေးနေ့ပွဲစဉ်က အရေးအကြီးဆုံးပါပဲ" လို့ပြောကြားခဲ့ပါတယ်။