The network connection is lost.

Banner Image

ရီးရဲလ်မှထွက်ခွာပါက ဘယ်အသင်းသို့ပြောင်းရွှေ့မယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်း အသိပေးလာတဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် လူကာမိုဒရစ်က ဆန်တီယာဂိုဘာနေဗျူးမှထွက်ခွာပါက ဘယ်အသင်းသို့ပြောင်းရွှေ့မယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၁၃ နှစ်ကြာလက်တွဲခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ ၂၀၂၅-၂၆ ရာသီမတိုင်မီမှာပဲ အသင်းကနေထွက်ခွာသွားတော့မှာဖြစ်ပါတယ်။ အသက်-၃၉ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်မှာ နောက်ထပ်တစ်ရာသီဆက်လက်ကစားဖို့ ဆန္ဒရှိနေပေမယ့် အသင်းဘက်ကတော့ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်သွားမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။ 

လက်ရှိ ရီးရဲလ်မက်ဒရစ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ မိုဒရစ်ဟာ အသင်းကနေ ယခု ဇွန်လအကုန်မှာ ထွက်ခွာသွားရမှာမဟုတ်ဘဲ အမေရိကန်မှာ ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ရှိတာကြောင့် ဇူလိုင်လအလယ်မှသာ အသင်းကနေထွက်ခွာသွားမှာဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာဖို့ သေချာခဲ့ပြီးနောက်မှာ မိုဒရစ်ကို မေဂျာလိဂ်ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပေမယ့် ခရိုအေးရှားလက်ရွေးစင်ဟာ ဥရောမှာပဲ ဆက်လက်နေထိုင်လိုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်လိုနေတယ်လို့သိရပါတယ်။ 

ဥရောပကလပ်တွေထဲမှ မိုဒရစ်ကိုခေါ်ယူနိုင်ဖို့ အလားအလာအရှိဆုံးအသင်းမှာ အေစီမီလန်ဖြစ်တယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အေစီမီလန်အားကစားဒါရိုက်တာသစ် အစ်ဂလီတာရီဟာ မိုဒရစ်နဲ့ဆွေးနွေးဖို့ ခရိုအေးရှားသို့ထွက်ခွာခဲ့တယ်လို့သိပါတယ်။ အေစီမီလန်အနေနဲ့ မိုဒရစ်ကို တစ်နှစ်သက်တမ်းရှိစာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်ထားပြီး တစ်ရာသီလုပ်ခ ယူရို ၃ သန်းပေးချေသွားယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

လောလောဆယ်မှာတော့ မိုဒရစ်ဟာ ခရိုအေးရှားအသင်းမှာရောက်ရှိနေပြီး ချက်နဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ အေစီမီလန်သို့ပြောင်းရွှေ့ဖို့ အလားအလာရှိသလားလို့ မေးမြန်းခဲ့ရာမှာ မိုဒရစ်က "မီလန်လား။ လောလောဆယ်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမပြောနိုင်သေးပါဘူး။ ရီးရဲလ်မက်ဒရစ်၊ ခရိုအေးရှားတို့နဲ့ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းအတွက်ပဲအာရုံစိုက်ထားပါတယ်။ ကျွန်တော့်ကို ချိတ်ဆက်လာတဲ့အသင်းတွေရှိပေမယ့် ကျွန်တော်ဘာမှမဆုံးဖြတ်ရသေးပါဘူး။ ဒါအမှန်တရားပါ" လို့ဖြေကြားခဲ့ပါတယ်။