The network connection is lost.

Banner Image

ယူနိုက်တက်မှာဆက်နေပြီး နေရာရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားလိုက်တဲ့ ဟွိက်လန်း

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းက အသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူဖို့ ကြိုးစားနေပေမယ့် သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာမဟုတ်ဘဲ အသင်းမှာပဲဆက်နေပြီး နေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ယခုနွေရာသီအတွင်း မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းထားပြီးဖြစ်ပေမယ့် နောက်ထပ်တိုက်စစ်မှူးသစ်ထပ်မံခေါ်ယူဖို့ ဆက်ဆခိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အမေရိကန်သို့ရောက်ရှိနေပြီး ရာသီကြိုပွဲစဉ်တွေယှဉ်ပြိုင်နေကာ အနိုင်ရလဒ်တွေကိုလည်း ဆက်တိုက်ပုံဖော်ထားနိုင်ပါတယ်။ 

ယခုအခါမှာ ဟွိုက်လန်းက "ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းကဘာမှမပြောသေးပါဘူး။ ဒါကြောင့် အခုချိန်မှာကျွန်တော့်အတွက်အရေးကြီးဆုံးက အလုပ်ကြိုးစားပြီး အာရုံစိုက်ထားဖို့ပါပဲ။ နောက်ပိုင်းမှာတော့ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့သိရမှာပါ။ ကျွန်တော့်ရဲ့အစီအစဉ်ကတော့ရှင်းပါတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာအသင်းမှာဆက်နေပြီး နေရာအတွက်တိုက်ပွဲဝင်သွားပါမယ်" 

"နေရာလုတိုက်ပွဲတွေက ကျွန်တော့်ကိုပိုကောင်းစေပါတယ်။ ကျွန်တော်အခု အဆင်သင့်ဖြစ်တယ်ဆိုတာထက် ပိုပါတယ်။ ဘာတွေပဲလာလာ ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါပြီ။ နေရာလုရတာတွေက အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ ပိုကောင်းစေတဲ့အရာတွေပါ။ ကျွန်တော်ဒီကိုစရောက်တော့ အန်တိုနီမာရှယ်ရှိနေပါသေးတယ်။ သူက ဒဏ်ရာပြဿနာနဲ့ရုန်းကန်နေရတာပါ။ ဒါကြောင့် ကျွန်တော် အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်'

"ဒါက ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော့်ကို မကစားနဲ့လို့ ဘယ်သူမှတားလို့မရပါဘူး။ ဒါပေမယ့် ကျွန်တော့်ဘက်ကလည်း အသင်းကိုအစွမ်းကုန်ကူညီဖို့ ကြိုးစားနေပါတယ်။ အခုချိန်မှာ ကျွန်တော်အများကြီးရင့်ကျက်လာပြီလို့လည်းခံစားရပါတယ်။ ကျွန်တော့်အသက်က ၂၂ နှစ်ပဲရှိသေးလို့ တိုးတက်မှုတွေအများကြီးရှိလာဦးမှာပါ။ အခု ရာသီကြိုပွဲစဉ်တွေမှာ ကျွန်တော်ခြေစွမ်းပြသထားနိုင်ပါတယ်။ ဒီခြေစွမ်းကိုဆက်ထိန်းနိုင်ဖို့ အာရုံစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက သူ့အနေနဲ့ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရကြောင်းကိုလည်း ဒိန်းမတ်လက်ရွေးစင်က "ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော့်အနေနဲ့ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပြီး ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။ အားလုံးအတွက် ခက်ခဲတဲ့ရာသီဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုပြီးကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ အခုချိန်မှာတော့ အသင်းရဲ့တိုးတက်မှုကို ပြသထားနိုင်ပြီလို့ထင်ပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္လာနေ့မှာ‌တော့ ယူနိုက်တက်ဟာ အမေရိကန်မြေမှာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်နဲ့ဆက်လက်ကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်နေမှုကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။