
အယ်လ်အိန်းကို ၆ ဂိုးပဲသွင်းနိုင်ခဲ့လို့ မကျေမနပ်ဖြစ်နေတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာဟာ တနင်္လာနေ့နံနက်က အယ်လ်အိန်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မှာ အသင်းက ၆ ဂိုးပြတ်သာအနိုင်ရခဲ့လို့ ကျေနပ်အားရမှုမရှိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ရှုံးထွက်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းသွားခဲ့ပြီဖြစ်ပေမယ့် အုပ်စုဗိုလ်နေရာကိုတော့ ဂျူဗင်တပ်စ်နဲ့ လုသွားရဦးမှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ ဂျူဗင်တပ်စ်တို့ဟာ လာမယ့်သောကြာနေ့မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်စီးတီးအနေနဲ့ အနိုင်ရမှသာ အုပ်စုဗိုလ်နေရာကို ရယူနိုင်မှာဖြစ်ပါတယ်။
အုပ်စုအတွင်း မန်စီးတီးဟာ ပေးဂိုးမရှိပေမယ့် ရဂိုးကတော့ ဂျူဗင်တပ်စ်ထပ် တစ်ဂိုးလျော့နည်းနေတာကြောင့် လက်ရှိအချိန်မှာ ဒုတိယနေရာနဲ့သာကျေနပ်ထားရပါတယ်။ ရှုံးထွက် ၁၆ သင်းအဆင့်မှာ မန်စီးတီးအနေနဲ့ ဒုတိယနေရာသာရခဲ့ပါက တစ်ဖက်အုပ်စုက ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်သွားရဖွယ်ရှိပြီး ပထမနေရာရခဲ့ရင်တော့ ဆဲလ်ဘတ်နဲ့ကစားသွားရဖွယ်ရှိပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက "ကျွန်တော်တို့ နောက်ထပ်တစ်ဂိုးထပ်ရဖို့ ဆက်တိုက်ဖိကစားခဲ့ပေမယ့် တစ်ဂိုးပဲလိုအပ်ခဲ့ပြီး အုပ်စုပထမနေရာနဲ့လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲမှာတော့ အုပ်စုပထမနေရာရဖို့ ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတာ သိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ဖြည်းဖြည်းချင်းပိုကစားလာနိုင်မှာပါ။ အခုလောလောဆယ်တော့ သူ မိနစ် ၃၀ ထက်ပိုပြီး မကစားနိုင်သေးပါဘူး။ ဘောလုံးယှဉ်လုတဲ့နေရာတွေမှာ သူရုန်းကန်နေရတုန်းပါ။ ဒီထက်ပိုပြီး အားကောင်းလာဖို့လိုပါတယ်။ ဒါပေမယ့် အခုလိုအခြေအနေကလည်း သာမန်ပါပဲ"
"အရေးကြီးတာက သူအခုချိန်မှာ အများကြီးကစားထားနိုင်ဖို့ပါပဲ။ ပြီးတော့ ဒီပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က ပိုကောင်းလာခဲ့ပါတယ်။ ကျွန်တော်တို့သူ့ကို အမြဲတမ်းလိုအပ်နေခဲ့ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။
ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ဂိုးကန်သွင်းခဲ့တဲ့ အီချီဗရီနဲ့ပတ်သက်ပြီးတော့လည်း စပိန်သားနည်းပြက "သူဒီပွဲမှာ ခြေကျင်းဝတ်နည်းနည်းထိသွားပါတယ်။ ဒါပေမယ့် ဒဏ်ရာမပြင်းထန်ပါဘူး။ ဒါကြောင့်ပဲ သူဒုတိယပိုင်းမှာ မပါဝင်နိုင်တော့တာပါ။ အရမ်းတော်ပြီး ပါရမီရှိတဲ့ကစားသမားတစ်ဦးပါ။ သူ့ရဲ့ဂိုးက အတော်လေးလှလို့ ကျွန်တော်ကျေနပ်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။