
ဂျူဗင်တပ်စ် လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေကြောင်း တူဒေါ် အခိုင်အမာပြော
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ယူအေအီးကလပ် အယ်လ်အင်းကို ၀-၅ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ဂျူဗင်တပ်စ်နည်းပြ အီဂေါ်တူဒေါ်က အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ မှန်မှန်ချီတက်နေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
တူဒေါ်ဟာ ပြီးခဲ့တဲ့မတ်လကမှ ဂျူဗင်တပ်စ်နဲ့လမ်းခွဲခဲ့တဲ့ နည်းပြ သီယာဂိုမော့တာနေရာမှာ အစားထိုးဝင်ရောက်လာခဲ့သူဖြစ်ပြီး ရာသီကုန်မှာ စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာရပ်တည်စေခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်ဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးကလပ်တွေထဲမှ တစ်ခုဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ အောင်မြင်မှုရရှိဖို့ရုန်းကန်ခဲ့ရပြီး ကလပ်ရဲ့ ၃၆ ကြိမ်မြောက်စီးရီးအေဆုဖလားကို ၂၀၂၀ ခုနှစ်က နောက်ဆုံးရရှိထားခဲ့တာဖြစ်ပါတယ်။
ဥရောပမှာ ဆယ်စုနှစ် ၂ ခုအကြာ အောင်မြင်မှုမရခဲ့တဲ့ ဂျူဗင်တပ်စ်အနေနဲ့ ယခုအခါမှာတော့ နိုင်ငံတကာဆုဖလားဖြစ်တဲ့ ကလပ်ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ဖို့ အခွင့်အရေးရလာခဲ့ပြီဖြစ်ပါတယ်။ ယခုအခါမှာ ဂျူဗင်တပ်စ်ဟာ နည်းပြသစ် တူဒေါ်ကို ၂၀၂၈ ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီး အောင်မြင်မှုအတွက် တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။
အယ်လ်အင်းကို ၅ ဂိုးပြတ်အနိုင်ရပြီးနောက် တူဒေါ်က "ဒီပွဲကို ကျွန်တော်တို့ကစားသမားတွေ သေချာဂရုစိုက်ကစားခဲ့ကြတယ်လို့ ခံစားမိပါတယ်။ တကယ်ပဲ တက်တက်ကြွကြွယှဉ်ပြိုင်ခဲ့ကြပြီး အစွမ်းကုန်ပေးဆပ်ခဲ့ကြပါတယ်။ကစားသမားတွေ စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက် အကူအညီပေးခဲ့ကြတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒါကို ခံစားမိမယ်လို့ထင်ပါတယ်"
"ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်မှာ မှန်မှန်ချီတက်နေပါပြီ။ အသင်းတစ်သင်းဖြစ်လာပြီဆိုရင် တိုးတက်ဖို့လိုအပ်တာတွေတော့ရှိစမြဲပါ။ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့တော့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။