
ချာကီကိုခေါ်ယူမှုက သူ့ရဲ့သဘောဆန္ဒမဟုတ်ပါဘူးလို့ ဖွင့်ဟလာတဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ
ကီဗင်ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးမှုတစ်ခုအဖြစ် မန်စီးတီးအတွက် ချာကီကိုခေါ်ယူလိုက်မှုဟာ သူ့ရဲ့သဘောဆန္ဒမဟုတ်ပါဘူးလို့ ပက်ဂွါဒီယိုလာက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ မန်စီးတီးက နွေရာသီကာလပြန်လည်တည်ဆောက်မှုတစ်ခုအဖြစ် လိုင်ယွန်ကစားသမားချာကီကိုခေါ်ယူဖို့ ပေါင် ၃၄ သန်း သုံးစွဲခဲ့ပါတယ်။ ဒီကစားသမားသစ်က ဝိုင်ဒက်အေစီနဲ့ယှဉ်ပြိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပေမယ့် ထင်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အဲ့ဒီပွဲစဉ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ချာကီက လိုင်ယွန်မှ မန်စီးတီးဆီ ရောက်ရှိလာပြီးနောက် ကြွေးကြော်သံများစွာ ထုတ်လွှင့်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားက ပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အပြီးတိုင်ချေမှုန်းမယ်လို့ ကတိပြုခဲ့သလို ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့လည်း ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပွဲဦးထွက်ကစားပြီးချိန် ပက်ဂွါဒီယိုလာဆီ မေးခွန်းတွေရောက်ရှိလာခဲ့ပြီး လိုင်ယွန်ကြယ်ပွင့်ဟောင်းခေါ်ယူမှုဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စပိန်သားနည်းပြဆီမှ စိတ်ဝင်စားစရာ မှတ်ချက်စကားအချို့ ထွက်ပေါ်လာခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ ကီဗင်ဒီဘရိုင်းနေရာအစားထိုးဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း သိထားကြပါတယ်။ ဒီဘရိုင်းမှာရှိထားတဲ့ အရည်အသွေးကြောင့် အစားထိုးခက်ခဲတယ်ဆိုတာကို သံသယမရှိလိုက်ပါနဲ့။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကလပ်အသင်းက ချာကီကိုခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချာကီမှာလည်း ပြိုင်ဘက်ဂိုးဧရိယာတစ်ဝိုက် မယုံကြည်နိုင်လောက်စရာ ကျွမ်းကျင်မှုနဲ့အတူ အရာအားလုံးကိုပေးစွမ်းနိုင်တဲ့ ဘောလုံးပေးပို့မှုဆိုင်ရာ အမြင်မျိုး ရှိပါတယ်။ ဒါက ခက်ခဲကြမ်းတမ်းမှုတွေနဲ့အတူ ပထမဆုံးပွဲစဉ်တစ်ခုသာ ဖြစ်ပါတယ်။ သူ ဒီအသင်းဆီ ရောက်ရှိလာလို့ ကျွန်တော် အတော်လေးကျေနပ်မိပါတယ်”လို့ ပြောပါတယ်။
ချာကီနဲ့ မန်စီးတီးက လာမယ့်တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်၊ ဒုတိယမြောက်ပွဲစဉ်အဖြစ် အယ်လ်အိန်းနဲ့ ရင်ဆိုင်ကစားရပါမယ်။