
အယ်လ်အိန်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အပျင်းထူနေလို့မရကြောင်း မန်စီးတီးအသင်းဖော်တွေကိုသတိပေးလာတဲ့ ဂန်ဒိုဂန်
တနင်္လာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မှာ မန်စီးတီးဟာ အယ်အိန်းကို ၆-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ကွင်းလယ်ကြယ်ပွင့် ဂန်ဒိုဂန်ကတော့ နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့တက်ရောက်နိုင်ဖို့လိုအပ်နေတာကြောင့် အပျင်းထူနေလို့မရကြောင်း အသင်းဖော်တွေကို သတိပေးစကားပြောကြားလာခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းသွားနိုင်ပြီဖြစ်ပေမယ့် ၇ ဂိုးအထိမသွင်းနိုင်ခဲ့တာကြောင့် အုပ်စုအတွင်း ဂိုးကွာခြားချက်နဲ့ ဂျူဗင်တပ်စ်နောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအနေနဲ့ ဂျူဗင်တပ်စ်ကို အနိုင်မရခဲ့ပါက ဒုတိယနေရာမှာသာ ဆက်လက်ရပ်တည်သွားရမှာဖြစ်လို့ တစ်ဖက်အုပ်က အုပ်စုဗိုလ် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပြီး ပထမနေရာရခဲ့ရင်တော့ ဆဲလ်ဘတ်နဲ့ကစားသွားရဖို့ရှိနေပါတယ်။
အယ်လ်အိန်းနဲ့ပွဲစဉ်မှာ ဂန်ဒိုဂန်က မန်စီးတီးအတွက် သွင်းဂိုး ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့ကစားပုံကို အားရကျေနပ်မှုမရှိကြောင်း "ကျွန်တော်တို့ ဒီပွဲမှာ ၇ ဂိုးအထိသွင်းဖို့စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမစတင်နိုင်ခဲ့ဘဲ အထနှေးနေခဲ့ပါတယ်"
"ဒါကြောင့်ပဲအဆုံးမှာ ကျွန်တော်တို့ ၆ ဂိုးပဲရခဲ့တာပါ။ နိုင်ပွဲရခဲ့ပေမယ့် ဒီလိုပွဲမျိုးမှာ ၇ ဂိုးအထိမသွင်းနိုင်ခဲ့တာ ဘာကြောင့်လဲဆိုတာတော့ အဖြေရှာရခက်ပါတယ်။ ပထမပိုင်းမှာကစားခဲ့တဲ့ပုံစံမျိုးကို ဆက်လက်မထိန်းသိမ်းနိုင်ခဲ့လို့ ဒီလိုဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ပထမပိုင်းမှာတောင် ကျွန်တော်တို့ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ စိတ်ထဲမှာ ကျွန်တော်တို့ကစားချင်တဲ့ပုံစံမျိုး ၁၀ မိနစ်လောက်ပဲကစားနိုင်ခဲ့သလို ခံစားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးအတွက်သွင်းဂိုးတွေကို ဂန်ဒိုဂန်နဲ့ အာလင်းဟာလန်းတို့သာမက လူငယ်ကြယ်ပွင့် အီချီဗရီကလည်း ဖရီးကစ်မှတစ်ဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်မကြာသေးမီကခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူသစ် ရာယန်ချာကီနဲ့ အကယ်ဒီမီလူငယ် အော်စကာဘော့ဘ်တို့ကလည်း အသီးသီးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဟာလန်းအနေနဲ့ ဒီပွဲမှာ အခွင့်အရေးတွေအများအပြားရခဲ့ပေမယ့် အဆုံးသတ်နိုင်စွမ်းမရှိခဲ့ဘဲ ပင်နယ်တီကနေသာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေးလက်ရွေးစင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်စီးတီးရဲ့ပွဲစဉ်တွေကို ၁၁ ပွဲအထိ လွဲချော်ထားခဲ့တာလည်းဖြစ်ပါတယ်။
ဖရီးကစ်မှတစ်ဆင့် တိုက်ရိုက်ဂိုးကန်သွင်းခဲ့တဲ့ အီချီဗရီနဲ့ပတ်သက်ပြီးတော့ ဂွါဒီယိုလာက "သူဒီပွဲမှာ ခြေကျင်းဝတ်နည်းနည်းထိသွားပါတယ်။ ဒါပေမယ့် ဒဏ်ရာမပြင်းထန်ပါဘူး။ ဒါကြောင့်ပဲ သူဒုတိယပိုင်းမှာ မပါဝင်နိုင်တော့တာပါ။ အရမ်းတော်ပြီး ပါရမီရှိတဲ့ကစားသမားတစ်ဦးပါ။ သူ့ရဲ့ဂိုးက အတော်လေးလှလို့ ကျွန်တော်ကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အီချီဗရီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးမှ အငှားစာချုပ်နဲ့ထွက်ခွာနိုင်ချေရှိနေသလို၊ အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တဲ့ ဂန်ဒိုဂန်ကိုလည်း ဂါလာတာစာရေးက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
သို့သော်လည်း ဂျာမန်သားက "ကျွန်တော် မန်စီးတီးနဲ့ နောက်ထပ်တစ်နှစ် စာချုပ်ကျန်ပါသေးတယ်။ ဒီမှာကစားရတာ ပျော်ပါတယ်။ ဒါကို လူတိုင်းသိမယ်လို့လည်းထင်ပါတယ်။ ထိပ်တန်းဘောလုံးအဆင့်မှာကစားနိုင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် သေချာလေးဂရုစိုက်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တစ်ပွဲမှာမလွတ်ဘဲ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ထိပ်တန်းဘောလုံးလောကမှာကစားဖို့ အဆင်သင့်ဖြစ်နေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။