
တော့တင်ဟမ်ကို ပြန်လာမယ်ဆိုတဲ့ ကောလာဟလတွေကို ပိုချက်တီနို ငြင်းဆန်
အမေရိကန်လက်ရွေးစင်အသင်းကိုဦးဆောင်နေတဲ့ မော်ရီစီယိုပိုချက်တီနိုက အသင်းဟောင်း တော့တင်ဟမ်ကို ပြန်လည်ကိုင်တွယ်မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုလာခဲ့ပါတယ်။ ပိုချက်တီနိုဟာ တော့တင်ဟမ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်သို့ တက်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဆုဖလားတော့ တစ်ကြိမ်မှ ဆွတ်ခူးပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာတော့ အာဂျင်တီးနားသားဟာ အမေရိကန်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်က နည်းပြအန်ဂျီပိုစတီကိုဂလူကိုထုတ်ပယ်လိုက်ပြီးနောက်မှာ ပိုချက်တီနိုတစ်ယောက် အသင်းဟောင်းသို့ပြန်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် ပိုချက်တီနိုကတော့ အဆိုပါသတင်းတွကို ငြင်းဆန်လာခဲ့တာဖြစ်ပါတယ်။
တူရကီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက “ကျွန်တော် တော့တင်ဟမ်ကနေ ၂၀၁၉ မှာထွက်ခွာလာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းပြစာရင်းမှာ အမြဲတမ်းပါဝင်ခဲ့ပါတယ်”
“ကောလာဟလတွေကိုကြည့်မယ်ဆိုရင် တော့တင်ဟမ်ရဲ့နည်းပြသစ်ဖြစ်လာနိုင်သူက အယောက် ၁၀၀ လောက်ရှိပါတယ်။ ဒါကြောင့် ဒီသတင်းတွေက စိုးရိမ်စရာမဟုတ်ဘူးလို့ထင်ပါတယ်။ အခုချိန်မှာ ကျွန်တော် တော့တင်ဟမ်ကိုပြန်သွားဖို့က ဖြစ်နိုင်ချေမရှိတဲ့အရာပါ။ ဘယ်အရာကိုမှ အတိအကျပြောလို့မရပေမယ့် ကျွန်တော်က အခြားအသင်းဟောင်းတွေဖြစ်တဲ့ နယူးဝဲလ်၊ အက်စ်ပန်ညိုတို့နဲ့လည်း သတင်းတွေထွက်ခဲ့တာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟာ အသင်းရဲ့ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှု ကို ရပ်တန့်ပေးခဲ့တဲ့ ပိုစတီကိုဂလူကို ဆုဖလားရယူအပြီး ၁၇ ရက်အကြာမှာပဲ ရာထူးကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဩစတြေးလျသားရဲ့ကျေးဇူးနဲ့ တော့တင်ဟမ်ဟာ ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလား ပြန်လည်ဆွတ်ခူးနိုင်ခဲ့သလို၊ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့ ပိုစတီကိုဂလူဟာ တော့တင်ဟမ်ကို အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆိုးဝါးဆုံးရပ်တည်မှုဖြစ်တဲ့ အဆင့် ၁၇ နေရာသို့ ကျဆင်းစေခဲ့ပါတယ်။
ဆက်လက်ပြီး ပိုချက်တီနိုက “လောလောဆယ်မှာ ကျွန်တော်အဓိကအာရုံစိုက်နေတာက ကမ္ဘာ့ဖလား ပြိုင်ပွဲပါပဲ။ အခုလာမယ့် စက်တင်ဘာလအတွင်း ကျွန်တော် အခြားအသင်းကိုပြောင်းသွားခဲ့ရင် ဒီအသင်းပေါ်ထားတဲ့ ကျွန်တော့်ရဲ့စိတ်ဓာတ်က အပြစ်တင်စရာဖြစ်လာပါလိမ့်မယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။