
စပိန်နဲ့ရင်ဆိုင်ရာမှာ ယာမယ်လ်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး ချဉ်းကပ်လို့မရကြောင်း နီဗက်စ်ပြော
ပေါ်တူဂီကြယ်ပွင့် ဂျာအိုနီဗက်စ်က စပိန်အသင်းနဲ့ထိပ်တိုက်တွေ့ဆုံသွားမယ့် ယူအီးအက်ဖ်အေနေရှင်းလိဂ် ဗိုလ်လုပွဲမှာ စပိန်တစ်သင်းလုံးက အန္တရာယ်ရှိတဲ့ကစားသမားတွေဖြစ်လို့ လာမိုင်းယာမယ်လ်တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားပြီး ချဉ်းကပ်လို့မရကြောင်း ပြောကြားလာခဲ့ပါတယ်။ စပိန်နဲ့ပေါ်တူဂီတို့ဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံသွားမှာဖြစ်ပြီး လာမယ့်ဇွန်လ ၁၀ ရက်နေ့မှာ ဘယ်အသင်းက နေရှင်းလိဂ်ဖလားကိုဆွတ်ခူးသွားမလား စောင့်ကြည့်သွားရပါမယ်။
နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပေါ်တူဂီက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့အတူ ဂျာမနီကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး စပိန်ကလည်း ပြင်သစ်ကို ၅-၄ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နဲ့ပွဲစဉ်မှာ ယာမယ်လ်တစ်ယောက် အတော်လေးခြေစွမ်းပြသခဲ့ပြီး စပိန်အတွက် သွင်းဂိုး ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းယူပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့သလို၊ နိုင်ငံအသင်းနဲ့အတူလည်း ယူရိုဆုဖလား အောင်မြင်မှုရရှိခဲ့ပါတယ်။
ယခုအခါမှာ နီဗက်စ်က ယာမယ်လ်ဟာ အန္တရာယ်ရှိတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ပေါ်တူဂီအနေနဲ့ စပိန်တစ်သင်းလုံးကိုအာရုံစိုက်ပြီး ကိုင်တွယ်သွားမယ့်အကြောင်း ပြောကြားလာခဲ့ပါတယ်။ နီဗက်စ်ကလည်း ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလား ၄ လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်လူက “မရှုံးတဲ့အသင်းဆိုတာမရှိပါဘူး။ စပိန်က အားကောင်းပြီး ငယ်ရွယ်တဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားလို့ အလားအလာအများကြီးရှိတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့အားသာချက်တွေနဲ့ အနိုင်ရဖို့ကြိုးစားသွားပါမယ်။ စပိန်မှာ အာရုံစိုက်ရမယ့်ကစားသမားက လာမိုင်းယာမယ်လ်တစ်ယောက်တည်းမဟုတ်ပါဘူး။ သူတို့ရဲ့အသင်းလိုက်ကစားပုံကလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ရော်နယ်ဒိုတစ်ယောက်တည်းကို အားကိုးနေတာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယာမယ်လ်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ စပိန်အတွက်စတင်ပွဲထွက်ကစားခဲ့ပြီး ထိုအချိန်ကလည်းက အခုအထိ တောက်လျှောက်ကစားခွင့်ရထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘာစီလိုနာကြယ်ပွင့်ဟာ စပိန်အတွက် စုစုပေါင်း ပွဲ ၂၀ ကစားထားပြီး ၆ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။