The network connection is lost.

Banner Image

ရော်နယ်ဒိုက ပေါ်တူဂီအတွက် အလွန်အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်တယ်လို့ မာတီနက်ဇ် အခိုင်အမာဆို

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေဆဲဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပိန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ကာ လက်ရွေးစင်အသင်းအတွက် သူ့ရဲ့အရေးပါမှုကို ထပ်မံသက်သေပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ မာတီနက်ဇ်က ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ ကမ္ဘာတစ်ဝှမ်း အတွေ့အကြုံအရင့်ကျက်ဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးလာခဲ့ပါတယ်။ 

နေရှင်းလိဂ်ဖလားကိုဆွတ်ခူးပြီးနောက် မာတီနက်ဇ်က "ရော်နယ်ဒိုက အသက်-၄၀ အရွယ်ရှိပြီဖြစ်လို့ ကမ္ဘာတစ်ဝှမ်း ကလပ်အသင်းတွေအကြား ထူးခြားတဲ့အတွေ့အကြုံတွေကို ရရှိပိုင်ဆိုင်ထားပါတယ်။ နည်းပြတစ်ယောက်ရဲ့အလုပ်က ရော်နယ်ဒိုကို အသင်းမှာထည့်သွင်းခြင်း၊ မထည့်သွင်းခြင်းနဲ့ မသက်ဆိုင်ပါဘူး။ အကောင်းဆုံးကစားသမားတွေကို ထည့်သွင်းနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အခြေခံအချက်တွေကိုကြည့်ပြီး ကစားသမားရွေးချယ်ပါတယ်။ ရော်နယ်ဒိုက ပေါ်တူဂီအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၂၅  ပွဲမှာ ဂိုး ၂၀ အထိသွင်းနိုင်ခဲ့ပါတယ်။ ဒီလိုဂိုးသွင်းနှုန်း ဘယ်ကစားသမားမှမရှိပါဘူး"

"ပြီးတော့ ရော်နယ်ဒိုလိုကစားသမားမျိုးအသင်းမှာရှိနေရင် အဝတ်လဲခန်းထဲမှာ နေရာအတွက် ပြိုင်ဆိုင်မှုတွေပြင်းထန်စေပါတယ်။ ဒါက အသင်းအတွက်အကျိုးရှိစေတဲ့အရာပါ" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မာတီနက်ဇ်က ရော်နယ်ဒိုဟာ မျိုးဆက်သစ်လူငယ်တွေအတွက် ကြီးမားတဲ့လှုံ့ဆော်မှုပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။ ပေါ်တူဂီသားနည်းပြက "သူက ဘောလုံးကစားသမားတစ်ယောက်ထက်ပိုပါတယ်။ သူက ဘောလုံးလောကရဲ့ပြယုဂ်တစ်ခုပါ။ နေ့ရက်တိုင်းမှာ တိုးတက်ဖို့အတွက်ပဲ ကြိုးစားနေတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်ပဲ သူက မျိုးဆက်သစ်လူငယ်တွေကို လွှမ်းမိုးထားနိုင်တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးမြှင့်မှာမဟုတ်ကြောင်း သတင်းတွေထွက်ပေါ်နေပြီး အသင်းသစ်နဲ့ချိတ်ဆက်သွားဖို့ အလားအလာရှိနေပါတယ်။ ကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်မှာမဟုတ်ဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။