
နေရှင်းလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုအတွက် ဂုဏ်ပြုစကားပြောကြားလာတဲ့ စကာလိုနီ
အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက စပိန်ကိုအနိုင်ယူပြီး နေရှင်းလိဂ်ဖလားကိုဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ဂုဏ်ယူမိကြောင်း ပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် အဖိုးတန်ချေပဂိုးကိုသွင်းယူပေးခဲ့ပြီး အသင်းကို ပင်နယ်တီအဆုံးအဖြတ်အထိရောက်ရှိအောင် ဆွဲခေါ်သွားနိုင်ခဲ့ကာ ပင်နယ်တီမှာတော့ ၅-၃ နဲ့ ပေါ်တူဂီက အနိုင်ရခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီနဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုတို့ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကြိမ်ကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးအဖြစ် အသိအမှတ်ပြုခံထားရပေမယ့် ၂ ဦးစလုံးဟာ ကစားသမားဘဝ အစောပိုင်းတွေမှာ နိုင်ငံအသင်းတွေနဲ့အတူ ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။
ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်မှသာ ပထမဆုံးအကြိမ်အဖြစ် ပေါ်တူဂီနဲ့အတူ ယူရိုချန်ပီယံရှစ်ဆုဖလားကို စတင်ဆွတ်ခူးခဲ့ပြီး မက်ဆီကတော့ ၂၀၂၁ ခုနှစ်ရောက်မှသာ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလားကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ထို့နောက် ၂၀၂၂ ခုနှစ်မှာတော့ မက်ဆီဟာ ကမ္ဘာ့ဖလားအောင်မြင်မှုကို ပထမဆုံးအကြိမ် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
ယခုအခါမှာ စကာလိုနီက "ကျွန်တော့်အတွက်တော့ မက်ဆီနဲ့ရော်နယ်ဒိုတို့က သူတို့ရဲ့ကစားသမားဘဝနေဝင်ချိန်တွေကို အကောင်းဆုံးတွေနဲ့ အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ပြီးသားပါ။ သူတို့ရဲ့အသက်အရွယ်တွေအရ လက်ရွေးစင်အသင်းတွေမှာ ပွဲတွေအများကြီးမကစားရပေမယ့် အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ရှိနေကြတုန်းပါပဲ။ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ပေါ်တူဂီအတွက် ဒီနေရာကနေပဲ ဂုဏ်ယူမိကြောင်း ပြောချင်ပါတယ်။ သူတို့က အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို အနိုင်ရအောင်ကစားနိုင်ခဲ့ပါတယ်။ ပင်နယ်တီမှာရှုံးခဲ့တဲ့ စပိန်အတွက်လည်း ဂုဏ်ယူမိပါတယ်။ အရမ်းကောင်းတဲ့ပွဲတစ်ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ နောက်ဆုံးအကြိမ်အဖြစ် လာမယ့် ၂၀၂၆ မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်သွားရဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပေါ်တူဂီနဲ့ အာဂျင်တီးနားတို့ဟာ ထိပ်ဆုံးနေရာကနေ ပါဝင်နေကြတာဖြစ်ပါတယ်။
မကြာသေးမီက ရော်နယ်ဒိုအနေနဲ့ အယ်လ်နာဆာနဲ့လမ်းခွဲတော့မယ်အကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပေမယ့် ယခုအခါမှာတော့ အသင်းမှာဆက်လက်နေထိုင်သွားဖွယ်ရှိနေပါတယ်။ မက်ဆီကတော့ အင်တာမီယာမီနဲ့အတူ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ အယ်လ်အာလီ၊ ပေါ်တို၊ ပါမီးယက်စ်တို့နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။