
ဘာစီလိုနာကစားသမားဘဝအနာဂတ်နဲ့ပတ်သက်ပြီး ကလပ်ရဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးလိုနေတဲ့ တာစတီဂန်
စပိန်သတင်းဌာန AS ရဲ့အဆိုအရ ဘာစီလိုနာဂိုးသမား မာ့ခ်အန်ဒရီတာစတီဂန်ဟာ အသင်းမှဆက်နေဖို့ ဆန္ဒရှိနေတာကြောင့် နည်းပြဟန်ဆီဖလစ်အပါအဝင် ကလပ်ရဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုနေတယ်လို့သိရပါတယ်။
တာစတီဂန်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ပွဲစဉ်အများအပြားကိုလွဲချော်ခဲ့ပြီး ယခုအခါမှာတော့ ကြံ့ခိုင်မှုပြည့်ဝနေကာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေတာဖြစ်ပါတယ်။ ဂျာမန်သားဟာ ဘာစီလိုနာနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲမှာ ဂျာမနီအတွက် ပါဝင်ကစားပေးခဲ့တာကြောင့် ဘာစီလိုနာမှာလည်း နံပါတ် ၁ ဂိုးသမားအနေနဲ့ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။
တစ်ဖက်မှာ ဘာစီလိုနာဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါဆီယာကို ခေါ်ယူနိုင်ဖို့ကြိုးစားနေတာကြောင့် တာစတီဂန်ရဲ့ အနာဂတ်ဟာ သံသယဝင်စရာဖြစ်လာခဲ့ပါတယ်။ တာစတီဂန်ဟာ ၂၀၁၄-၁၅ ရာသီမှာ ငယ်ဘဝကလပ် မိုချန်ဂလာဘတ်မှထွက်ခွာလာခဲ့ပြီး ဘာစီလိုနာနဲ့စတင်လက်တွဲခဲ့တာ ပထမဆုံးရာသီမှာပဲ နည်းပြလူးဝစ်အင်းနရစ်ရဲ့ဦးဆောင်မှုနဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
နည်းပြဟန်ဆီဖလစ်ရဲ့ဦးဆောင်မှုနဲ့အတူ ၂၀၂၄-၂၅ ရာသီအတွင်း ပြည်တွင်းဆုဖလား ၃ လုံးကိုဆွတ်ခူးကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအနေနဲ့ နောက်ရာသီမှာတော့ ရနိုင်သမျှဆုဖလားအားလုံး ဆွတ်ခူးနိုင်ဖို့ နွေရာသီအတွင်း အသင်းကို အင်အားဖြည့်တင်းသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာဟာ တာစတီဂန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုကို လျင်လျင်မြန်မြန်ချမှတ်သွားဖွယ်ရှိပါတယ်။