
နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ယာမယ်လ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်တဲ့ နူနိုမန်ဒက်စ်
စပိန်ကိုအနိုင်ယူခဲ့တဲ့ ပေါ်တူဂီရဲ့ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖိုင်နယ်အောင်ပွဲအတွင်း လမိုင်းယာမယ်လ်ကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ နူနိုမန်ဒက်စ်ကပြောဆိုပြီးနောက် ဒီနှစ်၊ ဘော်လွန်းဒီအော်ဆုအတွက် ပီအက်စ်ဂျီအသင်းဖော်ဒမ်ဘီလီကို အပြည့်အဝထောက်ခံပေးခဲ့ပါတယ်။
မြူးနစ်မြို့ပွဲစဉ်ရဲ့သာမန်ပွဲကစားချိန်အပြီး တစ်ဖက်နှစ်ဂိုးစီရလဒ်နဲ့အတူ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် ၅-၃ ဂိုးဆိုတဲ့ရလဒ်ကြောင့် ပေါ်တူဂီအတွက် အောင်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အစောပိုင်းဒဏ်ရာပြဿနာနဲ့အတူ ပွဲကိုဆက်မကစားနိုင်တော့တဲ့ စီရော်နယ်ဒိုလည်း ဝမ်းသာမျက်ရည်တွေ ကျနေခဲ့ပါတယ်။မန်ဒက်စ်ကိုယ်တိုင်လည်း ဆယ်ကျော်သက်ကြယ်ပွင့်ယာမယ်လ်နဲ့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ အကောင်းဆုံးလွှမ်းမိုးနိုင်ခဲ့သလို ရော်ဘတ်တိုမာတီနက်ဇ်ရဲ့အသင်းအတွက် အဖွင့်ဂိုးပါ သွင်းယူနိုင်ခဲ့လို့ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။
ပေါ်တူဂီရဲ့အောင်ပွဲမှာ သူ့ရဲ့အခန်းကဏ္ဍဘယ်လိုရှိသလဲလို့ မေးမြန်းလာချိန် မန်ဒက်စ်က ယာမယ်လ်နဲ့ရင်ဆိုင်ရတဲ့ တစ်ဦးချင်းတိုက်ပွဲတွေကို အနိုင်ယူခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပြီး ဘော်လွန်းဒီအော်ဆုအတွက်လည်း ဘာစီလိုနာဆယ်ကျော်သက်ထက် ဒမ်ဘီလီကိုသာ တစ်ပေးသွားခဲ့ပါတယ်။
မန်ဒက်စ်က “ အခုဘောလုံးရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ အခြားပြိုင်ဘက်များစွာလိုပဲ ယာမယ်လ်နဲ့ရင်ဆိုင်ရတဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ကွဲပြားခြားနားမှုတစ်ခုလုပ်ဆောင်ပေးနိုင်တဲ့ နည်းစနစ်ပိုင်းအလွန်ကျွမ်းကျင်သူ ကစားသမားကောင်းများစွာနဲ့ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်က လမိုင်းယာမယ်လ်ကို အကောင်းဆုံးထိန်းချုပ်ထားခဲ့ပြီး သူ့ရဲ့အကောင်းဆုံးခြေစွမ်း မထွက်ပေါ်လာအောင် တားဆီးနိုင်ခဲ့ပါတယ်။
ဒါက အသင်းကို အကူအညီပေးခဲ့ပါတယ်။ ဒီဆုဖလားကိုအနိုင်ရရှိရေး အသင်းကိုကူညီပေးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒါက စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်က ပွဲကြီးပွဲကောင်းတွေကို ကစားခဲ့ပြီးပါပြီ။ ဒါက ပီအက်စ်ဂျီနဲ့ ပေါ်တူဂီအသင်းမှာ နည်းပြများစွာနဲ့အတူ တစ်ဦးချင်းအလိုက် ကျွန်တော်လုပ်ဆောင်ခဲ့တဲ့အလုပ်တွေပဲ ဖြစ်ပါတယ်။
ဘော်လွန်းဒီအော်ဆုအတွက်လား? ကျွန်တော်က ဒမ်ဘီလီနဲ့တွဲဖက်ကစားနေပြီး သူက အံ့အားသင့်ဖွယ် ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ လမိုင်းယာမယ်လ်လည်း အံ့အားသင့်ဖွယ် ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ရဖို့ရှိပေမယ့် ယာမယ်လ်ကတော့ မပါဝင်နိုင်ပါဘူး။ ဒါကြောင့် ဒမ်ဘီလီအတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။
ဒမ်ဘီလီက ပီအက်စ်ဂျီဆီမရောက်ရှိလာခင်အချိန်အထိ ဘာစီလိုနာမှာ ဒဏ်ရာပြဿနာများစွာ ကြုံခဲ့ပါတယ်။ ဒါပေမယ့် သူက အံ့ဖွယ်ဘောလုံးသမားတစ်ဦးပါ။ သူ့ကို ကစားသမားတစ်ဦးအဖြစ်ရော၊လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ အလွန်သဘောကျပါတယ်။ ကျွန်တော်ကတော့ ဘော်လွန်းဒီအော်ဆုအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဒမ်ဘီလီဆီ ဆုတောင်းပေးနေပါတယ်။ အဲ့ဒီအောင်မြင်မှုဆီ ဒမ်ဘီလီရောက်ရှိနိုင်ဖို့ ကျွန်တော်နဲ့ သူ့ရဲ့အသင်းဖော်တွေက ကူညီပေးသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
အလားတူ မန်ဒက်စ်က ပေါ်တူဂီရဲ့နေးရှင်းလိဂ်ဖိုင်နယ်အောင်ပွဲမှာ အသင်းရဲ့ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အသက်-၄၀ နှစ်အရွယ် စီရော်နယ်ဒိုကိုလည်း ချီးကျူးထောပနာပြုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းက လာမယ့်နှစ်ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ရပါတယ်။ အခုလိုအသက်အရွယ်အပိုင်းအခြားကိစ္စတွေရှိနေပေမယ့် မန်ဒက်စ်ကတော့ ပေါ်တူဂီအတွက် စီရော်နယ်ဒိုလိုအပ်နေဆဲပဲလို့ ပြောခဲ့ပါတယ်။
မန်ဒက်စ်က “ နောက်ထပ်ဆုဖလားတစ်လုံးဆွတ်ခူးနိုင်လို့ စီရော်နယ်ဒိုအတွက် အလွန်ပျော်ရွှင်မိပါတယ်။ သူက ကျွန်တော်အပါအဝင် ကစားသမားအားလုံးအတွက် ကွင်းတွင်းကွင်းပြင်အကူအညီ အများကြီးပေးပါတယ်။ ကျွန်တော်တို့အသင်းအတွက် သူ့ကို လိုအပ်နေပါသေးတယ်။ သူ့ဆီမှာ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းနဲ့ အောင်ပွဲရယူလိုစိတ်အပြည့် ရှိပါတယ်။ စီရော်နယ်ဒိုဆိုတာ အသင်းအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။