
စက်ဘီးမတော်တဆမှုကြောင့် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ကို ဆေးရုံဆီ အလျှင်အမြန်ပို့ဆောင်ခဲ့ရ
စက်ဘီးမတော်တဆမှုဖြစ်စဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီးနောက် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်အနေဖြင့် ပုခုံးခွဲစိတ်ကုသမှုခံယူသွားရပါလိမ့်မယ်။
ပြီးခဲ့တဲ့မေလအတွင်း ပြင်သစ်ချန်ပီယံတွေကို အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အသက်-၅၅ နှစ်အရွယ်နည်းပြကိုယမန်နေ့(သောကြာနေ့)မှာ စက်ဘီးမတော်တဆမှုဖြစ်စဉ်တစ်ခုနဲ့အတူ ဆေးရုံဆီ အလျှင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ်။
ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြဟောင်းမှာ ပုခုံးညှပ်ရိုးကျိုးဒဏ်ရာ တွေ့ရှိရပေမယ့် အခြားဒဏ်ရာတော့ မရရှိခဲ့ပါဘူး။ ဒီမတော်တဆမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။ ပီအက်စ်ဂျီအသင်းဘက်ကတော့ ဆိုရှယ်မီဒီယာမှတဆင့် သူတို့ရဲ့နည်းပြကို ဆေးရုံမှာ ဆေးကုသပေးခဲ့ရတယ်လို့ အတည်ပြုလာပါတယ်။
ပြင်သစ်ချန်ပီယံတွေရဲ့ထုတ်ပြန်ချက်မှာ “ သောကြာနေ့၊ စက်ဘီးမတော်တဆမှုဖြစ်စဉ်တစ်ခုအပြီး ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ကို အရေးပေါ်ဆေးကုသပေးကာ သူ့ရဲ့ပုခုံးညှပ်ရိုးကျိုးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ကလပ်အသင်းအနေဖြင့် နည်းပြအပေါ် အပြည့်အဝထောက်ခံပေးထားပြီး အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးနေပါတယ်။ နောက်ထပ်ရရှိလာမယ့်သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားပါမယ်”လို့ ဖော်ပြပါရှိပါတယ်။
ပီအက်စ်ဂျီက လီဂူးဝမ်းရာသီသစ်ရဲ့အဖွင့်ပွဲစဉ်သုံးခုလုံးကို အနိုင်ရရှိခဲ့ပါတယ်။ သူတို့တွေက နိုင်ငံတကာသီတင်းပတ်အပြီး စက်တင်ဘာ ၁၄ ရက်မှာ လန်းစ်နဲ့ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒီပွဲစဉ်မှာ အသင်းကို လူးဝစ်အင်းနရစ်ကိုင်တွယ်နိုင်မလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။