
ဟွိုက်လန်းကို အသင်းမှာပြန်လည်ထည့်သွင်းနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို ကြာသပတေးနေ့ ဂရင်စ်ဘီနဲ့ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာ ပြန်လည်အသုံးပြုနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာခဲ့ပါတယ်။
အာမိုရင်ရဲ့ ယခုနွေရာသီအရောင်းစာရင်းထဲသို့ရောက်ရှိနေတဲ့ ဟွိုက်လန်းဟာ လောလောဆယ်မှာတော့ ယူနိုက်တက်ရဲ့လူစာရင်းထဲကနေထုတ်ပယ်ခံထားရပြီး အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ဒိန်းမတ်လက်ရွေးစင်အနေနဲ့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာပဲ ယူနိုက်တက်မှ အငှားစာချုပ်နဲ့ထွက်ခွာသွားဖွယ်ရှိတယ်လို့ ယူဆခံထားရပါတယ်။
သတင်းတွေအရ အီတလီစီးရီးအေကလပ် နာပိုလီဟာ ဟွိုက်လန်းကို တစ်ရာသီ အငှားစာချုပ်နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့စာချုပ်ထဲမှာ ပေါင် ၃၉ သန်းတန်အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက်ကိုပါ ထည့်သွင်းသွားမယ်လို့သိရပါတယ်။ သို့သော်လည်း ယခုအခါမှာ အာမိုရင်က ကစားသမားကို ဂရင်စ်ဘီနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုဖို့ အရိပ်အမြွက်ပြောကြားလာတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ကျန်ရှိဖို့လည်း အရိပ်အယောင်တွေမြင်တွေ့နေရပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "အသင်းရဲ့ကစားသမားတွေအားလုံး အဆင်သင့်ဖြစ်နေကြပါတယ်။ နိုင်ပွဲရဖို့အတွက် ကျွန်တော်တို့ရဲ့အကောင်းဆုံးပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို ရွေးချယ်သွားရပါမယ်။ ဒီတစ်ပတ်တည်းမှာ အသင်းဟာ ၃ ပွဲအထိကစားသွားရမှာပါ။ အသင်းမှာ အရည်အသွေးပြည့်မီတဲ့ကစားသမားတွေအများကြီးရှိနေလို့ အလှည့်ကျပွဲထုတ်အသုံးပြုသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ကြာသတေးနေ့ ဂရင်စ်ဘီနဲ့ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလားပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။