
အာနိုးလ်၊ ဟူဂျ်ဆန်တို့ရဲ့ချက်ချင်းလက်ငင်းအကျိုးသက်ရောက်နိုင်စွမ်းကို မျှော်လင့်နေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲဦးထွက်မတိုင်ခင် အင်္ဂါနေ့မှာ နည်းပြအလွန်ဆိုက ထိပ်တန်းကစားသမားတွေ ရောက်ရှိလာခဲ့ပြီလို့ ပြောဆိုရင်း ကစားသမားသစ်တွေဖြစ်တဲ့ အာနိုးလ်၊ ဟူဂျ်ဆန်တို့ရဲ့ ချက်ချင်းလက်ငင်းအကျိုးသက်ရောက်နိုင်စွမ်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
စိတ်ပျက်ဖွယ်ဘောလုံးရာသီတစ်ခုအပြီး ရီးရဲလ်မက်ဒရစ်က အလွန်ဆိုကိုခေါ်ယူကာ အလျှင်အမြန်တုံ့ပြန်ခဲ့သလို ခံစစ်အစွန်လူအာနိုးလ်၊ ဗဟိုခံစစ်မှူးဟူဂျ်ဆန်နဲ့အတူ သြဂုတ်လမှာ ရောက်ရှိလာမယ့် ရေးဗားပလိတ်လူငယ်ကြယ်ပွင့် မာစတန်တူအိုနိုတို့ကို အသင်းလူစာရင်းဆီ အားဖြည့်ခဲ့ပါတယ်။
အခုလိုကစားသမားသစ်တွေခေါ်ယူနိုင်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အလွန်ဆိုရဲ့အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီည၊ မီယာမီရှိ Hard Rock Stadium မှာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း အလွန်ဆိုက “ အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ် အလွန်ကျေနပ်မိပါတယ်။ ဟူဂျ်ဆန်နဲ့ အာနိုးလ်ဆိုတာ တကယ့်ထိပ်တန်းကစားသမားတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ချက်ချင်းလက်ငင်းအကျိုးသက်ရောက်နိုင်စွမ်း ရှိပါတယ်။
သူတို့အတွက် လေ့ကျင့်ချိန်အများကြီးမလိုအပ်သလို သဘောတရားတွေလည်း အများကြီးမလိုအပ်ပါဘူး။ သူတို့က ချက်ချင်းဆိုသလိုပဲ စတင်ကစားနိုင်ပါတယ်။ အဆုံးသတ်စီမံကိန်းမပြီးသေးပေမယ့် မနက်ဖြန်မှာပဲ ပွဲဦးထွက်ကို ရင်ဆိုင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
အင်္ဂါနေ့အစောပိုင်း၊ အူဝါရတ်ဒ်ဒိုင်းမွန်းစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ရေဗားပလိတ်အတွက် အထူးခြေစွမ်းပြခဲ့တဲ့ မာစတန်တူအိုနိုနဲ့ပတ်သက်လို့လည်း အလွန်ဆိုဆီ မေးမြန်းလာခဲ့ပါတယ်။ အလွန်ဆိုက “ မာစတန်တူအိုနိုက မယုံကြည်နိုင်လောက်စရာ ပစ္စုပ္ပန်နဲ့ အံ့ဖွယ်အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ဆီမှာ ကွင်းတွင်းကွင်းပြင် ရင့်ကျက်မှုတွေ ရှိထားပါတယ်။ သူနဲ့ စကားပြောကြည့်ချိန်မှာလည်း သူ့ရဲ့ရည်မှန်းချက်တွေ၊ ရင့်ကျက်မှုတွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သြဂုတ်လမှာတော့ သူလည်း ကျွန်တော်တို့နဲ့ပူးပေါင်းလာပါလိမ့်မယ်။ သူကလည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် အလွန်ဆိုက ရီးရဲလ်မက်ဒရစ်ရဲ့ကာလရှည်အနားယူနေရတဲ့ ကစားသမားအချို့ပြန်လာနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းစကားပါးလာပေမယ့် အယ်လ်ဟီလယ်နဲ့ပွဲစဉ်ကိုတော့ မဖြစ်နိုင်သေးပါဘူးလို့ ဆိုပါတယ်။ သူက “ ဒဏ်ရာရရှိနေတဲ့ကစားသမားအားလုံး မတူညီတဲ့အဆင့်မျိုးမှာ ရောက်ရှိနေကြပါတယ်။ ရူဒီဂါဆိုရင် ဘောလုံးရာသီအတွင်း မယုံကြည်နိုင်လောက်စရာ အားထုတ်မှုတစ်ခုပြုလုပ်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာဖို့အတွက် ကောင်းမွန်တဲ့အားထုတ်မှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ သူ အရင်ဆုံး ပြန်လာနိုင်ပါလိမ့်မယ်။ အသင်းလူစာရင်းမှာ သူ့ကိုရွေးချယ်နိုင်ပြီလားဆိုတာတော့ ကျွန်တော်လည်း မသိသေးပါဘူး။
အခြားသူတွေအတွက်တော့ ကျွန်တော်တို့တွေ နည်းနည်းတော့ စိတ်အေးလက်အေး ရှိရပါလိမ့်မယ်။ ကာဗာဂျယ်လ်နဲ့ မီလီတာအိုတို့ဆိုရင် အချိန်အနည်းငယ်ပေးရပါမယ်”လို့ ပြောပါတယ်။