The network connection is lost.

Banner Image

အသင်းရဲ့ကစားကွက်အပေါ် အန်းစလော့ရဲ့ ဝေဖန်မှုကို စိတ်မဝင်စားကြောင်း အာမိုရင်တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကစားကွက်အပေါ် လီဗာပူးနည်းပြ အန်းစလော့ရဲ့ ဝေဖန်ပြောဆိုမှုကို စိတ်ဝင်စားခြင်းမရှိကြောင်း ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘရိုင်ယန်အမ်ဘွေမို၊ ဟယ်ရီမက်ဂွါရီတို့ရဲ့ဂိုးတွေနဲ့ လီဗာပူးကို ၁-၂ နဲ့အနိုင်ရခဲ့ပြီး ၂၀၂၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်အားကစားကွင်းကြီးထဲမှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာ လီဗာပူးရဲ့ ဒီရာသီ ၄ ပွဲဆက်ရှုံးပွဲဖြစ်ခဲ့ပြီး ပွဲအပြီးမှာတော့ အန်းစလော့က "ကျွန်တော်တို့အသင်းက ခံစစ်ကိုအားပြုပြီး ပိတ်ဆော့တတ်တဲ့အသင်းတွေနဲ့ အမြဲတမ်းရုန်းကန်ရလေးရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အခုလို စလော့ရဲ့ မသိမသာ‌ထိုးနှက်ဝေဖန်မှုကို ဂရုစိုက်နေမှာမဟုတ်ကြောင်း ယခုအခါမှာအာမိုရင်က ပြန်လည်တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "လီဗာပူးနဲ့ပွဲက အတိတ်မှာကျန်ခဲ့ပါပြီ။ ဒါကြောင့် အဲဒီပွဲကိုစိတ်မဝင်စားတော့လို့ ဘာမှတ်ချက်မှမပေးချင်ပါဘူး။ ဘရိုက်တန်နဲ့ပွဲမှာအနိုင်ရဖို့အတွက်ပဲ အာရုံစိုက်ချင်ပါတယ်" "ကျွန်တော်တို့အသင်းက ဘောလုံးကိုပုံစံမျိုးစုံနဲ့ကစားနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ လီဗာပူးကိုနိုင်လိုက်တာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်လို့ယုံကြည်လို့ စလော့ပြောတာတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာယူနိုက်တက်ဟာ အာမိုရင်လက်ထက်ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီလိုအနိုင်ရရှိမှုက အသင်းအတွက်အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်သလားလို့ မေးမြန်းခဲ့ရာ ‌ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ရလဒ်ကောင်းတွေရရှိဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။ အခုလို အလှည့်အပြောင်းတို့ ပြောင်းလဲမှုတွေဖြစ်လာပြီလို့ ပြောတာတွေက အသင်းကို မတည်မငြိမ်ပိုဖြစ်စေပါတယ်။ ကျွန်တော်တို့က ပုံမှန်အတိုင်းပဲသွားနေတာပါ" လို့ဖြေကြားခဲ့ပါတယ်။

စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး လိဂ် ၃ ပွဲဆက်တိုက်အနိုင်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။