
ဘိုင်ယန်မြူးနစ်ကစားပုံကြောင့် ကျေနပ်အားရမှုအပြည့်ရှိနေတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်က မနေ့ညပိုင်း၊ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ပြိုင်ဘက်အော့ကလန်စီးတီးကို ၁၀-၀ ဂိုးဖြင့် အနိုင်ယူကာ ပြိုင်ပွဲသမိုင်းတလျှောက်အပြတ်သားဆုံးရလဒ်တစ်ခုကို ပုံဖော်သွားခဲ့ပါတယ်။ ကွန်ပနီကိုယ်တိုင်လည်း ဘိုင်ယန်မြူးနစ်ရဲ့လေးနက်မှုအပြည့်ရှိတဲ့ကစားဟန်ကြောင့် အခုဂိုးပြတ်နိုင်ပွဲမှာ သူ့ရဲ့အသင်းအတွက် ဂုဏ်ပြုချီးကျူးမှုတွေ ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။
ဘိုင်ယန်မြူးနစ်က အချိန်ပိုင်းဘောလုံးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အော့ကလန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ သူတို့ရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စု(C) ခရီးစဉ်ကို စတင်လာခဲ့ပါတယ်။ TQL ကွင်းမှာကစားခဲ့တဲ့ အခုပွဲစဉ်အတွင်း မူစီယာလာက ဟက်ထရစ်ရှင်ဖြစ်လာခဲ့သလို ကင်စလေကိုးမန်း၊ အိုလီစီနဲ့ သောမတ်စ်မူလာတို့က နှစ်ဂိုးစီ၊ ဆာချာဘိုယေးက တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ရဲ့အခုနိုင်ပွဲက ၂၀၂၁ ခုနှစ်၊ အယ်လ်ဂျာဇီးယားကို အယ်လ်ဟီလယ်က ၁-၆ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို ကျော်ဖြတ်ကာ ကလပ်ကမ္ဘာ့ဖလားသမိုင်းတလျှောက် ရလဒ်ပိုင်းပြတ်သားမှု အကြီးမားဆုံးနိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
ပေါ်တူဂီအင်အားကြီး ဘင်ဖီကာ၊ အာဂျင်တီးနားထိပ်သီး ဘိုကာဂျူနီယာတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ အုပ်စုအဆင့်မှာ ရင်ဆိုင်ရဦးမယ့် ကွန်ပနီကတော့ အခုပွဲစဉ်ပြိုင်ဘက်ရဲ့အရည်အသွေးပိုင်းနဲ့ပတ်သက်လို့ ပြောစရာရှိပေမယ့် သူ့အသင်းမှာ ချီးကျူးမှုတွေနဲ့ အပြည့်အဝထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။
ဘိုင်ယန်မြူးနစ်ဂိုးဧရိယာအတွင်း အရေးကြီးဖျက်ထုတ်မှုတစ်ခုပြုလုပ်ဖို့ ခံစစ်ပိုင်းဆီ အားကုန်ပြေးလွှားသွားခဲ့တဲ့ မူစီယာလာရဲ့ဖြစ်ရပ်ကို ထောက်ပြရင်း ကွန်ပနီက “ အလုပ်တစ်ခုတော့ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့တွေ လေးနက်မှုအပြည့်နဲ့ ကစားခဲ့ပြီး ကျွန်တော်တို့လုပ်ရမယ့်အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာ ဂိုးကွာခြားချက်က အရေးကြီးနေတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တိုက်စစ်စွမ်းအားက အလွန်အရေးကြီးလာလိမ့်မယ်လို့ ဒီမတိုင်ခင်မှာလည်း ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်။
ခံစစ်ကိုကောင်းကောင်းပိတ်ဆို့နေတဲ့အသင်းတစ်ခုနဲ့ရင်ဆိုင်ရချိန် ၁၀ ဂိုးသွင်းယူနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီနေ့အတွက် အခုထက်ပိုပြီးတော့လည်း ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး။ ကျွန်တော့်အတွက် အကြိုက်ဆုံးဖြစ်ရပ်ကတော့ ခံစစ်ဇုန်ဆီ မူစီယာလာရဲ့ပြေးလွှားသွားမှုပဲ ဖြစ်ပါတယ်။ အခုလိုမျိုး ပွဲစဉ်တစ်ခုမှာ လုပ်နိုင်လိုက်ပြီဆိုတာနဲ့ ကိုယ့်အတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု ရှိလာပါပြီ”လို့ ပြောပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်ပွဲထက်မနည်းပါဝင်ကစားဖူးတဲ့ ကလပ်အသင်းတွေအနက် ဘိုင်ယန်မြူးနစ်ကသာ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်(၅ပွဲကစား၊ ၅ ပွဲနိုင်)ကို ဖော်ဆောင်ထားနိုင်ပါတယ်။ ကွန်ပနီကိုယ်တိုင်ကတော့ ဘိုကာဂျူနီယာနဲ့ရင်ဆိုင်ရမယ့် လာမယ့်ပွဲစဉ်ဟာ အကြိတ်အနယ်ရှိတဲ့ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကွန်ပနီက “ ဘိုကာဂျူနီယာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်က အုပ်စုအဆင့်အတွက် အဆုံးအဖြတ်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ဥရောပထိပ်တန်းကလပ်အသင်းနဲ့ တောင်အမေရိကထိပ်တန်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ပေါ့။ ဘိုင်ယန်မြူးနစ်နည်းပြမဟုတ်ဘူးဆိုရင်တောင် ဒီပွဲစဉ်ဆီ ကျွန်တော် တက်ရောက်ကြည့်ရှုပါလိမ့်မယ်”လို့ ပြောပါတယ်။