
ယိုကရက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ စပို့တင်းဒုဥက္ကဌ ဇန်ဟာ
အာဆင်နယ်အသင်းက အသည်းအသန်စိတ်ဝင်စားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စပို့တင်းဒုဥက္ကဌ ဇန်ဟာက ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ စပို့တင်းအသင်းမှာ ပြိုင်ပွဲစုံ ၅၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဆုဖလား ၂ လုံးပါရယူပေးနိုင်ခဲ့ပြီးနောက် ဆွီဒင်သားကို အသင်းကြီးတော်တော်များများက မျက်စိကျလာခဲ့ပါတယ်။
မန်ဟာသတင်းဌာနကတော့ အာဆင်နယ်ဒါရိုက်တာတွေဟာ ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်အမျိုးသမီးချန်ပီယံလိဂ်ပွဲကို လာရောက်အားပေးရင်း လစ္စဘွန်းမှာ ယိုကရက်စ်ရဲ့အေးဂျင့် ဟာဆန်နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုတွေပြုလုပ်ပြီး ပေါင် ၅၉ သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် စပို့တင်းဒုဥက္ကဌ ဇန်ဟာကတော့ သတင်းထောက်တွေကို “သူ(ယိုကရက်စ်)မှာ စာချုပ်သက်တမ်းက ၃ နှစ်ကျော်လောက်ကျန်နေပါသေးတယ်။ လက်ရှိအချိန်မှာ ဘာကမ်းလှမ်းမှုမှမရသေးပါဘူး။ သူ့မှာ စာချုပ်သက်တမ်းက ၃ နှစ်ကျော်လောက်ကျန်နေပါသေးတယ်။
အဖြေက ပေးပြီးသားပါ။ စပို့တင်းအပြောင်းအရွှေ့အစီအစဉ်တွေက ပြီးခဲ့တဲ့နှစ်ကလိုပဲ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ အသင်းအတွက် အရေးပါတဲ့ကစားသမားတွေကို ဆက်ထိန်းချင်ပါတယ်။ ချန်ပီယံဆက်ဖြစ်ချင်သလို ပြိုင်ဘက်တွေကို အကောင်းဆုံးအားပြိုင်ချင်ပါတယ်။ ကျွန်တော်အခုတာဝန်ကိုယူနေတာ ၇ နှစ်ရှိနေပါပြီ။ အဲ့နှစ်တွေမှာ စပို့တင်းက ချန်ပီယံဖြစ်ခဲ့ပြီး အခြားနှစ်တွေကထက်လည်း ရောင်းချမှုနည်းပါးခဲ့ပါတယ်။
အချက်အလက်တွေအရ အသင်းအတွက်အရေးပါတဲ့ကစားသမားတွေကို ဆက်ထိန်းတာက ချန်ပီယံဆုကို ဆက်ထိန်းတာပါပဲ။ တိုက်ဆိုင်မှု ဒါမှမဟုတ် တိုက်ဆိုင်မှုမဟုတ်ရင် ကျွန်တော်တို့ဒီလိုအချိန်တွေမှာ ဘယ်ကစားသမားကိုမှမရောင်းချချင်ပါဘူး။ အခုတော့ ဘာကမ်းလှမ်းမှုမှမရသေးပါဘူး။ ဒါပေမယ့် ဈေးကွက်က ကျွန်တော်တို့ မထိန်းချုပ်နိုင်သလို ထင်မှတ်မထားတွေလည်း ဖြစ်လာနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အာတီတာလက်အောက်မှာ နောက်ထပ်ဆုဖလားလက်မဲ့တစ်ရာသီထပ်မံဖြစ်ခဲ့ပြီးနောက် လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ စပိန်သားကိုယ်တိုင်ကလည်း အခုလာမယ့်နွေရာသီမှာ အသင်းအတွက် အရေးပါတဲ့နေရာတွေကို အားဖြည့်ဖို့ အခိုင်အမာပြောကြားထားခဲ့ပါတယ်။