
ပရိသတ်နည်းပါးတဲ့အခြေအနေမျိုးမှာ ကစားနေရခြင်းကို ထူးဆန်းတဲ့အတွေ့အကြုံလို့ သတ်မှတ်လိုက်တဲ့ မာရက်စ်ကာ
ဒီနေ့မနက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ကွင်းတွင်းထိုင်ခုံ ၅၀,၀၀၀ ကျော်လစ်လပ်နေမှုက သူ့အသင်းအတွက်တော့ ထူးဆန်းတဲ့အတွေ့အကြုံပဲလို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ အတ္တလန်တာမြို့၊ ပရိသတ် ၇၁,၀၀၀ ဆံ့ Mercedes-Benz Stadium မှာ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံတွေက LAFC ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်ဆီ ပရိသတ် ၂၂,၀၀၀ သာ တက်ရောက်အားပေးခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက “ အတော်လေးထူးဆန်းတဲ့ အခြေအနေပါ။ ကွင်းလုံးပြည့်နီးပါး ထိုင်ခုံတွေလစ်လပ်နေပြီး ပရိသတ်ဦးရေ နည်းပါးခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်တွေဖြစ်တဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအခြေအနေ၊ ဒီပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ကစားသမားတွေရဲ့အပြုအမူ၊ စိတ်နေစိတ်ထားကသာ အရေးကြီးပြီး သူတို့တွေ ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ်ဆန်သလဲဆိုတာ နောက်တစ်ကြိမ်ပြသခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ချဲလ်ဆီးနည်းပြက အင်တိုက်အားတိုက်အားပေးနေတဲ့ပရိသတ်တွေကို သူ့ရဲ့အသင်း မျှော်လင့်မိခဲ့တယ်လို့ ဝန်ခံပြီး ဘရာဇီးလ်ကလပ်ဖလာမင်ဂိုနဲ့ရင်ဆိုင်ရမယ့် ဖီလာဒဲလ်ဖီးယားမြို့၊ ဒုတိယမြောက်အုပ်စုပွဲစဉ်မှာ ပရိသတ်တွေ အလုံးအရင်းလာရောက်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
သူက “ အခုအခြေအနေနဲ့မတူညီဘဲ အတော်လေးကွဲပြားခြားနားမယ့် ပုံစံမျိုးအတွက် ဒီပွဲစဉ်ကို ကျွန်တော်တို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ပွဲစဉ်မှာတော့ ပျော်စရာကောင်းလာလိမ့်မယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဘရာဇီးလ်ကလပ်အသင်းတွေဆိုတာ ပရိသတ်အများကြီးကို စွဲဆောင်နိုင်လို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ မက်ဆီရဲ့အင်တာမီယာမီနဲ့ အယ်လ်အာလီတို့ရဲ့ အုပ်စုအဖွင့်ပွဲစဉ်ကို ပရိသတ် ၆၀,၀၀၀ ကျော် တက်ရောက်ခဲ့သလို တနင်္ဂနွေနေ့၊ Rose Bowl မှာယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ချန်ပီယံပီအက်စ်ဂျီနဲ့ အက်သလက်တီကိုမက်ဒရစ်ပွဲစဉ်ဆီလည်း ပရိသတ် ၈၀,၀၀၀ ကျော် လာရောက်အားပေးခဲ့ပါတယ်။တနင်္လာနေ့၊ မီယာမီမြို့ရှိ Hard Rock Stadium မှာ ဘင်ဖီကာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ဘိုကာဂျူနီယာပရိသတ်အများစုက တုန်လှုပ်ခြောက်ခြားစရာအငွေ့အသက်တစ်ခု ဖန်တီးခဲ့ပါတယ်။