
ပိုစတီကိုဂလူကိုထုတ်ပယ်ခဲ့ပြီးနောက် သောမတ်စ်ဖရန့်ခ်ကို ချဉ်းကပ်မှုတွေပြုလုပ်လာတဲ့ တော့တင်ဟမ်
တော့တင်ဟမ်ဟာ အသင်းနည်းပြ အန်ဂျီပိုစတီကိုဂလူကို ရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က တော့တင်ဟမ်ဟာ ပိုစတီကိုဂလူကိုရာထူးမှထုတ်ပယ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး ယူရိုပါလိဂ်ဆုဖလားရရှိရုံနဲ့ အသင်းမှာဆက်လက်ထားရှိဖို့ မဆုံးဖြတ်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ပိုစတီကိုဂလူဟာ တော့တင်ဟမ်ရဲ့ ၁၇ နှစ်ကြာဆုဖလားမိုးခေါင်မှုကို ရပ်တန့်ပေးခဲ့သူဖြစ်ပြီး ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူကာ ယူရိုပါလိဂ်ချန်ပီယံဖြစ်စေခဲ့ပါတယ်။
သို့သော်လည်း ပရီးမီးယားလိဂ်မှာတော့ တော့တင်ဟမ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာသာရပ်တည်ခဲ့ပြီး ၂၂ ပွဲအထိရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ဩစတြေးလျသားနည်းပြကိုထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ တော့တင်ဟမ်ဟာ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ တော့တင်ဟမ်ရဲ့အားကစားဒါရိုက်တာ ဂျိုဟန်လန်ဂျီနဲ့ ဖရန့်ခ်တို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာကြောင့် ဖရန့်ခ်အနေနဲ့ မကြာခင်မှာပဲ တော့တင်ဟမ်နဲ့လက်တွဲနိုင်တယ်လို့သိရပါတယ်။ တစ်ဖက်မှာလည်း ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကို တော့တင်ဟမ်က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ပိုစတီကိုဂလူကို ထုတ်ပယ်ခဲ့ရတဲ့ဆုံးဖြတ်ချက်က အသင်းအတွက် အလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းကို တော့တင်ဟမ်က “ကျွန်တော်တို့အတွက် အခက်ခဲဆုံးဆုံးဖြတ်ချက်တွေထဲမှာပါပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ပေါ့ပေါ့လေးပဲ ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ အနာဂတ်အတွက်ပိုကောင်းတဲ့အရာတွေဖြစ်လာဖို့ မှန်ကန်တဲ့အရာကိုလုပ်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်ပြီး ပါရမီရှိတဲ့ ကစားသမားတွေပိုင်ဆိုင်ထားပါတယ်။ ပိုစတီကိုဂလူကလည်း ကျွန်တော်တို့ရဲ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ သူ့ကိုကျေးဇူးတင်ကြောင်းပြောချင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။