
ပွဲဦးထွက်မတိုင်ခင် စံချိန်တင်အကျီရောင်းချနေရတဲ့ အာဆင်နယ်စတား
သတင်းတွေအရ အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်ရဲ့အကျီဟာ ပွဲဦးထွက်မတိုင်ခင်မှာတင် အသင်းစံချိန်တင်ရောင်းချနေရတယ်လို့ သိရပါတယ်။ စနေနေ့တုန်းက ယိုကရက်စ်ရောက်ရှိလာတာကို အာဆင်နယ်ဘက်က တရားဝင်ကြေညာခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဆွီဒင်သားဟာ စပို့တင်းအသင်းအတွက် ၁၀၂ ပွဲမှာ ၉၇ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက မျှော်လင့်ချက်ကြီးကြီးမားမားထားနေကြတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလိုအပ်နေတာကြာမြင့်နေပြီဖြစ်ကာ ပြီးခဲ့တဲ့ရာသီတွေတုန်းက ချန်ပီယံဆုနဲ့လွဲချော်တာက အဆိုပါအချက်ကြောင့်လို့ ဘောလုံးကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယိုကရက်စ်ရဲ့အကျီဟာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရောင်းချနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ယိုကရက်စ်ဟာ အာဆင်နယ်မှာ ဂန္ထဝင်ကျောနံပတ် ၁၄ ကို ဝတ်ဆင်မှာဖြစ်ပြီး ယခင်တုန်းက အဆိုပါကျောနံပတ်ကို ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ယိုကရက်စ်အကျီဘယ်လောက်အထိ ရောင်းချရတယ်ဆိုတာ မသိရသေးပေမယ့် အသင်းသမိုင်းတစ်လျှောက်စံချိန်တင်ရောင်းချနေရတယ်လို့ သိရပါတယ်။ လာမယ့်တော့တင်ဟမ်နဲ့ခြေစမ်းပွဲမှာ ယိုကရက်စ်တစ်ယောက် အာဆင်နယ်အတွက် ပွဲဦးထွက်ပါဝင်ကစားမှာဖြစ်ပါတယ်။
အသင်းထံပြောင်းရွှေ့လာပြီးနောက် အင်တာဗျူးမှာ ယိုကရက်စ်က “ကျွန်တော် အမြဲတမ်းဂိုးသွင်းချင်ပါတယ်။ ဒီအသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ခွင့်ရပြီး ဒီအကျီနဲ့အတူ ဂိုးသွင်းကာ ပရိသတ်တွေအားလုံးရှေ့မှာ အောင်ပွဲခံချင်ပါတယ်။ ကျွန်တော် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အဲ့တာက အံ့ဖွယ်ခံစားချက်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ဒီမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီမှာကစားသမားဘဝစတင်ခဲ့တာပါ။ အဲ့ကတည်းက ကျွန်တော်တိုးတက်လာခဲ့တာပါ။
အခုတော့ ကျွန်တော့်အစစ်အမှန်ကို အသင်းနဲ့အတူ ပြသချင်ပါတယ်။ စပို့တင်းအတွက် ကစားချိန်တုန်းက ချန်ပီယံလိဂ်မှာ ကျွန်တော်ဂိုးအနည်းငယ်သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့အဆင့်အတန်းကို ကျွန်တော်ရောက်နိုင်မယ်လို့ ခံစားရပါတယ်။ အာဆင်နယ်အဆင့်အတန်းကလည်း အဲ့အဆင့်ကိုရောက်နေပါပြီ။ ဒီမှာရှိတဲ့အံ့ဖွယ်အသင်းဖော်တွေက ကျွန်တော့်ကိုစွမ်းဆောင်ရည်ကောင်းအောင် ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကစားခွင့်ရဖို့ စိတ်လှုပ်ရှားနေပါပြီ။
ဒီအသင်းက ကျွန်တော့်အတွက် မှန်ကန်တဲ့အသင်းလို့ ခံစားရပါတယ်။ မီခေးလ် ၊ အန်ဒရီရာတို့နဲ့ စကားပြောချိန်မှာ ကျွန်တော်အများကြီးသိလိုက်ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နဲ့ရင်ဆိုင်ရချိန်မှာ သူတို့က အရမ်းသန်မာတဲ့အသင်းဆိုတာကို ခံစားလိုက်ရသလို ရင်ဆိုင်ရခက်တဲ့အသင်းဆိုတာကို သိလိုက်ရပါတယ်။ အဲ့တာကလည်း အာဆင်နယ်ကိုရွေးချယ်ရတဲ့အကြောင်းအရင်းပါ။ မှန်ပါတယ်။ ဒီအသင်းက သမိုင်းကြောင်းရှိသလို ကြီးမားတဲ့ပရိသတ်အင်အားလည်းရှိပါတယ်။ ကျွန်တော်မရောက်ခင်ကတည်းက သူတို့ဆီကနေ ကြီးမားတဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲ့တာတကယ်ကောင်းသလို ကွင်းထဲမှာ သူတို့ကိုတွေ့ရတာလည်း အရမ်းကိုကောင်းပါတယ်”လို့ ယိုကရက်စ်က ဖြေကြားခဲ့ပါတယ်။