The network connection is lost.

Banner Image

လီဗာပူးနဲ့အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့ ဂူဟီနဲ့အတူ ဘာတွေပြောဖြစ်သလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ သောမတ်စ်တူချယ်

သောမတ်စ်တူချယ်က ဂူဟီကို အလွန်အထင်ကြီးစရာကောင်းသူလို့ ချီးကျူးကာ လီဗာပူးရဲ့မအောင်မြင်တဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုအပြီး ခရစ္စတယ်ပဲလေ့စ်နောက်ခံလူနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အင်္ဂလန်အသင်းနည်းပြက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လီဗာပူးဆီရောက်ရှိဖို့မျှော်လင့်ထားမှု ပျက်ပြယ်သွားပြီးနောက် ခရစ္စတယ်ပဲလေ့စ်ကပ္ပတိန်ရဲ့အပြုအမူတွေကို ချီးကျူးခဲ့တာပါ။ ပေါင် ၃၅ သန်းတန် သဘောတူညီမှုနဲ့အတူ ပရိသတ်တွေဆီကိုပါ နှုတ်ဆက်မှတ်တမ်းရုပ်သံရိုက်ကူးထားခဲ့ပေမယ့် ပဲလေ့စ်ရဲ့အစားထိုးကစားသမားသစ်ခေါ်ယူရေးအစီအစဉ်မအောင်မြင်မှုကြောင့် ဂူဟီရဲ့အင်္ဂလန်ချန်ပီယံတွေဆီ ပြောင်းရွှေ့ရေးအိပ်မက် အဆုံးသတ်သွားခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြကိုယ်တိုင်လည်း အပြောင်းအရွှေ့ကိစ္စတွေမှာ ကစားသမားတွေ အပြည့်အဝအာရုံစိုက်နိုင်စေဖို့ စခန်းသွင်းလေ့ကျင့်မှုကို တစ်ရက်တာနောက်ဆုတ်ပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်အတွက် အရှိန်အဟုန်ပြင်းထန်လှတဲ့ အပြောင်းအရွှေ့ဈေးကွက်ဖြစ်ခဲ့ပေမယ့် ပြိုလဲကျခဲ့တဲ့ သဘောတူညီမှုတွေထဲမှာ ဂူဟီလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ တူချယ်ကတော့ ဂူဟီရဲ့စိတ်နေစိတ်ထားကို ချီးကျူးခဲ့ပါတယ်။

တူချယ်က “ ကျွန်တော်တို့တွေ ဂူဟီနဲ့ စကားပြောဖြစ်ခဲ့ပြီး သူကိုယ်တိုင်လည်း လုံးဝကို အဆင်ပြေနေခဲ့ပါတယ်။ ကွင်းတွင်းမှာဆိုရင်လည်း သူ့ကိုကြည့်ရတာ အလွန်အထင်ကြီးစရာကောင်းပါတယ်။ အားကစားဘက်မှာရော၊ စွမ်းဆောင်ရည်ပိုင်းမှာပါ ဂူဟီအတွက် အထင်ကြီးလောက်စရာရက်သတ္တပတ်နှစ်ခု ရှိခဲ့ပါတယ်။ သူက ခရစ္စတယ်ပဲလေ့စ်အသင်းအောင်မြင်မှုတွေရဲ့ အဓိကသော့ချက်ပါ။ ပြီးတော့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးခါနီးကာလတွေမှာရော၊ အခုဘောလုံးရာသီစတင်ချိန်မှာပါ ဂူဟီက အထင်ကြီးလောက်စရာကောင်းအောင် ကစားပြခဲ့ပါတယ်။ သူက ဒီစွမ်းဆောင်ရည်မျိုးကို စခန်းသွင်းလေ့ကျင့်မှုအထိ ယူဆောင်လာခဲ့ပါတယ်။ ဒါက အတော်လေးအထင်ကြီးစရာကောင်းပါတယ်။ သူက ဒီကိစ္စတွေကို လေးစားဖို့ကောင်းပြီး ကျက်သရေရှိမှုအပြည့်ရှိနေတဲ့ အထင်ကြီးစရာစိတ်နေစိတ်ထားနဲ့အတူ ကိုင်တွယ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဂူဟီပါဝင်လာမယ့်အင်္ဂလန်အသင်းက အခုနိုင်ငံတကာသီတင်းပတ်မှာ အန်ဒိုရာ၊ ဆာဘီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရပါမယ်။