The network connection is lost.

Banner Image

အယ်လ်ဘာစီတီနဲ့ပွဲမှာ အသင်းကိုကယ်တင်ပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဘာစီလိုနာနောက်ခံကြယ်ပွင့် ဂျရတ်မာတင်

ဘာစီလိုနာအသင်းဟာ အယ်လ်ဘာစီတေးအသင်းကို ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ကိုပါဒီရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနိုင်ပွဲမှာ တိုက်စစ်ပိုင်းရဲ့ အစွမ်းပြမှုတွေသာမက ခံစစ်ပိုင်းရဲ့ ရဲရဲဝံ့ဝံ့ ကာကွယ်မှုတွေကလည်း အရေးပါခဲ့တာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်တွေမှာ ဂိုးသွင်းရှင်တွေက နေရာယူထားကြပေမဲ့ တကယ်တမ်း အရေးကြီးတဲ့အချိန်မှာ အဆုံးအဖြတ်ပေးခဲ့သူကတော့ နောက်ခံလူငယ်လေး ဂျရတ်မာတင်ပဲ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ဂိုးသွင်းယူနိုင်ခြင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခြင်း မရှိခဲ့ပေမဲ့ သူပြုလုပ်ခဲ့တဲ့ ကာကွယ်မှုကတော့ ဂိုးသွင်းယူတာထက်ကို ပိုမိုတန်ဖိုးရှိခဲ့တာပါ။

ပွဲပြီးခါနီး မိနစ်ပိုင်းတွေမှာ ဘာစီလိုနာဟာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေတာကြောင့် အယ်လ်ဘာစီတေးအသင်းဘက်က အတင်းအကျပ် ဖိအားပေးလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြိုင်ဘက်ကစားသမား ဖရန်ဂါမက်ဇ်က ဘယ်တောင်ပံကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို လက်ခံရယူပြီး ဘာစီလိုနာ ဂိုးသမား ဂျိုအန်ဂါစီယာရဲ့ ခေါင်းပေါ်ကနေ ကျော်ကာ ဂိုးထဲကို လှပစွာ ကန်တင်လိုက်ပါတယ်။

ဂိုးသမားကို ကျော်သွားတဲ့ ဘောလုံးဟာ ဂိုးစည်းထဲကို ကျဆင်းတော့မယ့်အချိန်မှာပဲ ဂျရတ်မာတင်ဟာ အချိန်မီ ရောက်ရှိလာခဲ့ပြီး ဘောလုံးရဲ့ လမ်းကြောင်းကို သေချာစောင့်ကြည့်ကာ ဂိုးစည်းပေါ်ကနေ ခေါင်းတိုက် ဖျက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘာစီလိုနာအတွက် နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူပေးလိုက်သလိုဖြစ်ခဲ့ပြီး ဒီလိုသာ မဖျက်ထုတ်နိုင်ခဲ့ရင် ရလဒ်ဟာ ၂ ဂိုးစီ သရေဖြစ်သွားမှာ သေချာပါတယ်။

ပွဲအပြီးမှာတော့ ဂျရတ်မာတင်က “နောက်ခံလူတစ်ယောက်အတွက် အသင်းကို ဂိုးမပေးရအောင် ကာကွယ်ပေးနိုင်တာက အမြဲတမ်း ပျော်ရွှင်ရစေပါတယ်။ ကျွန်တော် ဂိုးတိုင်အောက်မှာ အချိန်မီနေရာယူပြီး ဘောလုံးကို အပြင်ရောက်အောင် ဖျက်ထုတ်နိုင်ခဲ့တာပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် အသင်းရဲ့ စုစည်းမှုနဲ့ ပတ်သက်ပြီး “ပြိုင်ဘက်က ဘယ်လိုအသင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလားဆိုတာ မသိပေမဲ့ ရသမျှ ဆုဖလားအားလုံးကို အရယူဖို့ ကြိုးစားသွားမှာပါ။ အခုဆိုရင် ချန်ပီယံဆုရဖို့ ၃ ပွဲပဲ လိုပါတော့တယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။