ရိုးမားအသင်းထံ တော့တီ ပြန်လည်ရောက်ရှိလာဖို့ ဆွေးနွေးမှုတွေ ရှိနေကြောင်း ရာနီရေးရီ အတည်ပြု
ရိုးမားအသင်းရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်းကြီး ဖရန်စစ္စကိုတော့တီဟာ အသင်းမှာ တရားဝင်ရာထူးတစ်ခုနဲ့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ရှိနေပါတယ်။
ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာလက်ထောက်အဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း တော့တီဟာ အသင်းနဲ့ နှစ်အတော်ကြာ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
အရင်က အသင်းရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ တော့တီအကြား တင်းမာမှုတွေ ရှိခဲ့ဖူးပေမဲ့ အခုအခါမှာတော့ အခြေအနေတွေက ပြန်လည်ပြေလည်သွားခဲ့ပြီလို့ သိရပါတယ်။
ရိုးမားအသင်းရဲ့ နည်းပြဟောင်းဖြစ်သလို လက်ရှိမှာ အသင်းရဲ့ အကြံပေးအဖြစ် တာဝန်ယူနေတဲ့ ကလော်ဒီယိုရာနီရေးရီက အခုကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့မနက်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
ရာနီရေးရီက "သူတို့တွေ ဒီကိစ္စကို စဉ်းစားနေကြပါတယ်။ ဖရန်စစ္စကိုဟာ ရိုးမားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် သူဟာ အသင်းအတွက် တကယ်ကို အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
တော့တီဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးကို ရိုးမားအသင်းမှာပဲ ကုန်ဆုံးခဲ့သူဖြစ်ပြီး စီးရီးအေ ချန်ပီယံဆု တစ်ကြိမ်နဲ့ ကိုပါအီတာလီယာဖလား နှစ်ကြိမ်တို့ကို ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။