The network connection is lost.

Banner Image

အီတလီနည်းပြရာထူးဆိုတာ ဆက်ခံသူအတွက် အကောင်းဆုံးနေရာ မဟုတ်သေးဘူးလို့ သတိပေးလာတဲ့ စပယ်လက်တီ

ယမန်နေ့ညပိုင်းမှာပဲ အီတလီလက်ရွေးစင်အသင်းကို နောက်ဆုံးအကြိမ်တာဝန်ယူပြီးနောက် နည်းပြရာထူးမှ ထွက်ခွာသွားတဲ့ စပယ်လက်တီက သူ့ရဲ့နေရာဆက်ခံသူအတွက် အကောင်းဆုံးအချိန် မဟုတ်သေးဘူးလို့ သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ အီတလီရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်မှာ နော်ဝေးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်မှုက စပယ်လက်တီအတွက် ပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်။ယမန်နေ့ညပိုင်းမှာတော့ သူတို့တွေက မော်လ်ဒိုဗာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပေမယ့် စပယ်လက်တီမှာ ရာထူးကိုစွန့်ခွာလိုတဲ့အရိပ်အယောင်မျိုး မမြင်တွေ့ခဲ့ရပါဘူး။

စပယ်လက်တီက အီတလီလက်ရွေးစင်အသင်းနဲ့အတူ စိတ်ပျက်ဖွယ် ယူရို-၂၀၂၄ ခရီးစဉ်ကို ကျော်ဖြတ်လာခဲ့သူ ဖြစ်ပါတယ်။ မော်လ်ဒိုဗာနဲ့ပွဲစဉ်မတိုင်ခင်မှာပဲ ရာထူးမှထွက်ခွာရတော့မယ်လို့ကြေညာခဲ့တဲ့ စပယ်လက်တီက ဒီလိုဖြစ်လာဖို့ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေမယ့် အရာရာတိုင်းတိုးတက်လာအောင် လုပ်ဆောင်ပေးဖို့ကိုတော့ ပျက်ကွက်မှုရှိခဲ့တယ်လို့ ဝန်ခံပါတယ်။

စပယ်လက်တီက “ ကျွန်တော့်လိုမျိုးပဲ နိုင်ငံ့လက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့ သဘောတူလိုက်မယ်ဆိုရင် နောက်ပိုင်းမှာ အဖြေရှာဖွေသွားဖို့ လိုအပ်လာပါလိမ့်မယ်။ အသင်းအတွက် ကစားသမားအနည်းငယ်သာ ရှိတယ်ဆိုတဲ့အချက်ကိုလည်း ဖုံးကွယ်ထားလို့ မရပါဘူး။ ဆင်ခြေပေးဖို့အတွက်လည်း စလုပ်ထားရပါမယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဆိုးဆိုးဝါးဝါးလုပ်ဆောင်ခဲ့ပြီး အခုလိုအိမ်ပြန်သွားတာပဲ ကောင်းပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယုံကြည်ထားတာကြောင့် ရာထူးမှ မနုတ်ထွက်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆီ စာချုပ်ဖျက်သိမ်းဖို့ လာပြောချိန်မှာတော့ ကျွန်တော်ကိုယ်တိုင်ပဲ လက်မှတ်ထိုးပေးခဲ့ပါတယ်။ ကျွန်တော် ရောက်လာစဉ်တုန်းကလိုပဲ လက်ရွေးစင်အသင်းကို ထားခဲ့လိုက်ပါပြီ”လို့ ပြောပါတယ်။

အီတလီဘောလုံးအာဏာပိုင်တွေကတော့ စပယ်လက်တီနေရာအစားထိုးမယ့်သူကို မကြေညာသေးပေမယ့် နည်းပြသစ်ဖြစ်လာဖို့ ရာနီရေရီ ရေပန်းစားနေပါတယ်။ ဒါကြောင့် စပယ်လက်တီဆီ သူ့ရဲ့နေရာဆက်ခံသူအတွက် အကြံပေးစရာရှိ၊မရှိ မေးမြန်းလာကြပါတယ်။

သူက “ ကျွန်တော်ရောက်ရှိလာပြီးကတည်းက အရာရာတိုင်းကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့အရာတွေက အဆိုးဝါးဆုံးအဆင့်ဆီရောက်ရှိနေတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဒါတွေက မှားလား၊ မှန်လားဆိုတာ ခင်ဗျားတို့ မြင်တွေ့ပါလိမ့်မယ်။ ကျွန်တော်ကတော့ အရာအချို့ကို ပြောင်းလဲဖို့ အလုပ်ကို အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ဘောလုံးအဖွဲ့ချုပ်နဲ့ အသစ်ရောက်ရှိလာမယ့်နည်းပြအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”လို့ ဆက်ပြောပါတယ်။