
ဂတ်တူဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားလာတဲ့ အီတလီ
အီတလီဟာ အသင်းမှထွက်ခွာသွားခဲ့တဲ့ နည်းပြ လူစီယာနိုစပယ်လက်တီနေရာမှာ ဂျန်နာရိုဂတ်တူဆိုကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ စပယ်လက်တီဟာ မော်ဒိုဗာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အပြီးမှာ အီတလီနည်းပြရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့တာကြောင့် ယခုအခါမှာ အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က နည်းပြသစ်ရှာပုံတော်ဖွင့်နေရတာဖြစ်ပြီး ဂတ်တူဆိုကို အလားအလာရှိတဲ့ ခန့်အပ်မှုအဖြစ် ရှုမြင်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် လက်ရှိအီတလီကပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာ လက်စတာစီးတီးနည်းပြဟောင်း ကလော်ဒီယိုရာနီရေးနီလည်း ပါဝင်နေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဂါဘရီလီဂရာဗီနာကတော့ ဂတ်တူဆိုကိုသာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်အားထက်သန်နေတယ်လို့လည်း သိရပါတယ်။ ဂတ်တူဆိုအနေနဲ့ကတော့ အီတလီနဲ့သဘောတူညီမှုရရှိဖို့ သူ့ရဲ့လက်ထောက်တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်သွားရဖွယ်ရှိပါတယ်။
La Gazzetta dello Sport ရဲ့အဆိုအရ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ဂတ်တူဆိုနဲ့တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ ဂတ်တူဆိုအနေနဲ့လည်း အီတလီနဲ့လက်တွဲခွင့်ရမယ်ဆိုပါက သူ့ရဲ့သစ္စာရှိလက်ထောက်နည်းပြ ရစ်ဆီရိုကို တစ်ပါတည်းခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။ လောလောဆယ်မှာတော့ အီတလီဟာ အခြားနည်းပြတွေကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ပေမယ့် ဂတ်တူဆိုကိုသာ နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဖြစ်နိုင်ချေအရှိဆုံးဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာပဲ နောက်ခံလူဟောင်းကို နည်းပြသ်အဖြစ်ခန့်အပ်ကြောင်းကြေညာပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားဖွယ်ရှိပါတယ်။