
အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ နီးစပ်နေတဲ့ အေစီမီလန်နည်းပြဟောင်းဂတ်တူဆို
လူစီယာနိုစပယ်လက်တီကို ရာထူးမှထုတ်ပယ်ပြီးနောက် အစားထိုးနိုင်မယ့်သူရှာဖွေနေတဲ့ အီတလီက နောက်ဆုံးမှာတော့ အေစီမီလန်နည်းပြဟောင်းဂျန်နာရိုဂတ်တူဆိုကို တာဝန်ပေးအပ်သွားဖွယ် ရှိပါတယ်။ အီတလီလက်ရွေးစင်အသင်းကိုယ်စားလှယ်အဖွဲ့အကြီးအကဲဘူဖွန်က အေစီမီလန်နည်းပြဟောင်းဂတ်တူဆိုကို လက်ရွေးစင်အသင်းနည်ပြသစ်အဖြစ် ခန့်အပ်မယ်လို့ အတည်ပြုခဲ့ပြီး အသက်-၄၇ နှစ်အရွယ်နည်းပြအနေဖြင့် အသင်းကို ချက်ချင်းတာဝန်ယူကိုင်တွယ်သွားဖွယ် ရှိပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က နော်ဝေးကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး နည်းပြဟောင်းစပယ်လက်တီကို ရာထူးမှထုတ်ပယ်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့ FIGC က ဘောလုံးလောကမှပူပူနွေးနွေးထွက်ခွာသွားပြီဖြစ်တဲ့ ရာနီရေရီနဲ့ အယ်လ်နာဆာနည်းပြဟောင်းပီအိုလီတို့လို အီတာလျံဘောလုံးလောကမှာ အစဉ်အလာရှိသူတွေဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ရာနီရေရီကတော့ ရိုးမားမှာ ထပ်မံတာဝန်ယူရတော့မယ့် အခန်းကဏ္ဍသစ်အတွက် အခုကမ်းလှမ်းလာမှုကို ငြင်းဆန်သွားခဲ့သလို ပီအိုလီကလည်း ဖီအိုရင်တီးနားနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ FIGC က အီတာလျံဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဂတ်တူဆို၊ ကန်နာဗာရိုးနဲ့ ဒီရော့စီတို့ကို နည်းပြသစ်ရာထူးအတွက် မျက်စိကျလာခဲ့ပြီး အခု ဘူဖွန်ရဲ့အတည်ပြုမှုအရ နိုင်ငံ့လက်ရွေးစင်အသင်းအုပ်ထိန်းမှုတာဝန်ကို မာဆေးလ်နဲ့ ဗလန်စီယာနည်းပြဟောင်း တာဝန်ယူသွားမယ်လို့ သိရပါတယ်။ ဂတ်တူဆိုက လတ်တလောမှာ ခရိုအေးရှားပြည်တွင်းကလပ် Hajduk Split နဲ့အတူ မအောင်မြင်တဲ့ ဘောလုံးရာသီတစ်ခုအပြီး လမ်းခွဲလာခဲ့သူ ဖြစ်ပါတယ်။
ယမန်နေ့၊ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အီတလီယူ-၂၁ က ဆလိုဗက်ကီးယားယူ-၂၁ ကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဘူဖွန်က “ ဆွေးနွေးမှုတွေ ပြီးစီးသွားပါပြီ။ အသေးစိတ်အချက်အလက်လေးတွေပဲ ကျန်ပါတော့တယ်။ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အဖွဲ့ချုပ်တစ်ခုလုံးကတော့ အခိုက်အတန့်မျိုးစုံနဲ့ပြည့်နှက်နေတဲ့ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့တွေ ဖြစ်နိုင်ချေအရှိဆုံးအကောင်းဆုံးရွေးချယ်မှုကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ယူရို-၂၀၂၀ ချန်ပီယံတွေက ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် အက်စ်တိုးနီးယား၊ အစ္စရေးတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အတွင်း ကျင်းပမယ့် ဒီပွဲစဉ်တွေဟာ နည်းပြသစ်ဂတ်တူဆိုရဲ့ပထမဆုံးပွဲစဉ်နှစ်ခု ဖြစ်လာပါလိမ့်မယ်။