The network connection is lost.

Banner Image

ဘင်နာတီးယားရဲ့ နုတ်ထွက်စာကို မာဆေးလ်အသင်းပိုင်ရှင် မက်ကော့တ် ငြင်းပယ်

မာဆေးလ်အသင်းပိုင်ရှင် ဖရန့်ခ်မက်ကော့တ်က အားကစားဒါရိုက်တာ မယ်ဒီဘင်နာတီးယားရဲ့ နုတ်ထွက်စာကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ နည်းပြ ရောဘတ်တို ဒီဇာဘီ အသင်းကနေ ထွက်ခွာသွားပြီးနောက်မှာ ဘင်နာတီးယားကလည်း သူပါ အသင်းကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ ဒါပေမဲ့ မက်ကော့တ်က အဲဒီနုတ်ထွက်မှုကို လက်မခံခဲ့ဘဲ စီမံခန့်ခွဲမှုအဖွဲ့ကို အပြောင်းအလဲတွေလုပ်ပြီး ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပါတယ်။

မာဆေးလ်အသင်းက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး "အိုလံပစ်မာဆေးလ်အသင်းရဲ့ အကျိုးစီးပွားနဲ့ ဒီရာသီမှာ ချမှတ်ထားတဲ့ အားကစားဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီစေဖို့အတွက် ဖရန့်ခ်မက်ကော့တ်က မယ်ဒီဘင်နာတီးယားကို ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အသင်းအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့တာဝန်ယူမှုကို သိရှိနားလည်တဲ့အတွက် မယ်ဒီဘင်နာတီးယားကလည်း လာမယ့် ဇွန်လအထိ အသင်းမှာ ဆက်လက်ရှိနေဖို့ သဘောတူခဲ့ပြီး အသင်းရဲ့ အားကစားဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဆက်လက်ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ ပက်ဘလို လောင်ဂိုရီယာရဲ့ အခန်းကဏ္ဍကတော့ ပြင်သစ်နဲ့ အထူးသဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်တွေမှာ အိုလံပစ်မာဆေးလ်အသင်းရဲ့ ကိုယ်စားပြုမှုတွေကို ထိန်းသိမ်းထားနိုင်ဖို့ အဖွဲ့အစည်းဆိုင်ရာ တာဝန်တွေကို ပိုမိုအလေးပေး ဆောင်ရွက်သွားဖို့ ရှိပါတယ်" လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာ အတည်ပြုထားတဲ့အတိုင်း ဘင်နာတီးယားနဲ့ လောင်ဂိုရီယာတို့ဟာ သူတို့ရဲ့ တာဝန်တွေကို ခွဲဝေယူလိုက်ကြပြီဖြစ်ပြီး ဘင်နာတီးယားက ဘောလုံးရေးရာဌာနကို တာဝန်ယူမှာဖြစ်ကာ လောင်ဂိုရီယာကတော့ ကွင်းပြင်ပကလပ်အသင်းရေးရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။