ရော်ဘတ်တိုဒီဇာဘီရဲ့နေရာမှာ ဟာဘစ်ဘီယေးကို အစားထိုးခန့်အပ်ဖို့ မာဆေးလ်အသင်း နီးစပ်နေ
မာဆေးလ်အသင်းဟာ ရောဘတ်တိုဒီဇာဘီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဟာဘစ်ဘီယေးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြင်သစ်လီဂူးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၅ ဂိုး - ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြဒီဇာဘီနဲ့ မာဆေးလ်အသင်းတို့ဟာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
RMC Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ မာဆေးလ်အသင်းဟာ အသက် ၄၈ နှစ်အရွယ် ရန်းနက်စ်အသင်းနည်းပြဟောင်း ဘီယေးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ဆီနီဂေါလက်ရွေးစင်ကစားသမားဟောင်း ဘီယေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းပိုင်ရှင် ဖရန့်ခ်မက်ကော့တ်အပြင် ပရိသတ်ကိုယ်စားလှယ်တွေနဲ့ပါ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
လက်ရှိမှာတော့ သူ့ကို ရန်းနက်စ်အသင်းနဲ့ စာချုပ်ကနေ တရားဝင်ခွင့်ပြုထားကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မရှင်ဆီကနေ အတည်ပြုချက်ရယူဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။