ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်မစွန့်လွှတ်သေးတဲ့ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်
အဲဗာတန်နောက်ခံလူ ဂျာရတ် ဘရန့်ဝိတ်က အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အဲဗာတန်အတွက် ဒီရာသီ ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ၅ ပွဲအထိ ကစားထားပြီးဖြစ်ပါတယ်။
ဒီဗဟိုနောက်ခံလူဟာ လာမယ့်နွေရာသီမှာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားရောက်ယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်ကို လက်မလွှတ်သေးပါဘူး။
"အခုတော့ ဒဏ်ရာပြဿနာတွေကနေ လွတ်မြောက်သွားပြီလို့ မျှော်လင့်ပါတယ်။ လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းထားပြီး နောက်ထပ် ဒဏ်ရာမရအောင် နေထိုင်သွားမှာပါ။ ရာသီကုန်အထိ အကောင်းဆုံးကစားပြီး ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ သူက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း "ဒါဟာ ရာသီအစကတည်းက ကျွန်တော်ချမှတ်ထားတဲ့ ပန်းတိုင်တစ်ခုပါ။ ခက်ခဲလိမ့်မယ်ဆိုတာလည်း သိပါတယ်။ ကျွန်တော့်ဘက်က လုပ်နိုင်တာကတော့ ပွဲတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြသဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးအရှိဆုံးဖြစ်အောင် ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်" လို့ ဆိုခဲ့ပါတယ်။