The network connection is lost.

Banner Image

ဂေါ်ဒွန်ရဲ့တိုးတက်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့တဲ့အရာတွေကို ထုတ်ဖော်ပြောပြလာတဲ့ သီအိုဝဲလ်ကော့

အဲဗာတန်တိုက်စစ်မှူးဟောင်းသီယိုဝဲလ်ကော့က ဂူဒီဆင်ပတ်ခ်ကစားသမားဘ၀မှာ အန်တိုနီဂေါ်ဒွန်ကို သူ့ထက်ပိုပြီး ပွဲထွက်ခွင့်ပေးခဲ့သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ဂေါ်ဒွန်က နယူးကာဆယ်နဲ့အတူ ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြနေပါတယ်။

၂၀၂၃ ခုနှစ်မှာ ကစားသမားဘဝအနားယူခဲ့တဲ့ ဝဲလ်ကော့က Amazon Prime ဆီ အခုလိုပြောပြခဲ့ပါတယ်။ "အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အဲဗာတန်ကိုစရောက်တဲ့အချိန် ဂေါ်ဒွန်က ကျွန်တော့်ထက်တောင် ပွဲထွက်ခွင့်ပိုရရှိသင့်ပါတယ်။ ဒီလူငယ်လေးရောက်လာပြီးကတည်းက သူ့ရဲ့ အရှိန်အဟုန်က တကယ်ကို အံ့ဩစရာကောင်းလောက်အောင် မြန်တယ်ဆိုတာ ကျွန်တော်သတိထားမိခဲ့ပါတယ်" လို့ ဆိုပါတယ်။

"ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ကိုကိုင်တွယ်ပုံက မမှန်ကန်ခဲ့ဘဲ တစ်စုံတစ်ရာအကန့်အသတ် ဖြစ်နေသလို ကျွန်တော် ခံစားခဲ့ရပါတယ်။ အခုတော့ သူက သူ့ရဲ့အရည်အချင်းတွေကို အပြည့်အဝထုတ်ပြနိုင်သလို ပိုပြီး လွတ်လွတ်လပ်လပ်၊ တက်ကြွတဲ့ စွမ်းအင်တွေနဲ့အတူ ကစားလာနိုင်တာကို တွေ့ရပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"သူ့ဆီမှာ ကျွန်တော်အကြိုက်ဆုံးအချက်က တိုက်စစ်တန်းရဲ့ ဘယ်နေရာမှာမဆို လိုက်လျောညီထွေကစားနိုင်တာပါပဲ။ အခုဆိုရင် နယူးကာဆယ်က အထောင်တိုက်စစ်မှူးနေရာအတွက် အစားထိုးဖို့ အခက်အခဲရှိနေတာကြောင့် သူ့ကို အထောင်တိုက်စစ်မှူးတစ်ဦးဖြစ်အောင် ပုံသွင်းနေတာကို တွေ့မြင်နေရပါပြီ။"

"ဒါ့အပြင် သူက အမြဲတမ်းအရည်အချင်းရှိသလို ဝါရင့်ကစားသမားတွေရဲ့စကားကိုလည်း နားထောင်တတ်ပါတယ်။ လူငယ်အချင်းချင်းဆီကတောင် သင်ယူလေ့ရှိပါတယ်။ သူဟာ တခြားလူငယ်ကစားသမားတွေအတွက်လည်း 'ငါတို့လည်း အဲဗာတန်အသင်းကြီးမှာ ပါဝင်ကစားနိုင်တယ်' ဆိုတဲ့ မျှော်လင့်ချက်ကို ပေးနိုင်ခဲ့တဲ့ စံပြလူငယ်တစ်ဦး ဖြစ်ပါတယ်။"

"ဒါကြောင့် ကျွန်တော့်အမြင်မှာတော့ သူက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး တိုးတက်လာပါတယ်။ ဟုတ်ပါတယ်၊ သူ ပရီးမီးယားလိဂ်မှာရုန်းကန်ခဲ့ရတဲ့အချိန်တွေရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကောင်းမွန်တဲ့အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ သူ့ဆီမှ အခုထက်ပိုကောင်းတဲ့ခြေစွမ်းတွေကို ကျွန်တော်တို့ မြင်ချင်ပါသေးတယ်" လို့ ဝဲလ်ကော့က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။