The network connection is lost.

Banner Image

ဟွိုက်လန်းနဲ့ဒေါ်ဂူတို့ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်မိကြောင်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ကြာသပတေးနေ့နံနက် ဘုန်းမောက်ကိုအနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှ အသင်းရဲ့စွမ်းဆောင်ရည်ကို အားရမိကြောင်းနဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ပက်ထရစ်ဒေါ်ဂူတို့ ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း ကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာယူနိုက်တက်ဟာ ပထမပိုင်းအတွင်းမှာပဲ ဘုန်းမောက်ကို ဟွိုက်လန်း၊ ဒေါ်ဂူတို့ရဲ့သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၄-၁ ဆိုတဲ့ဂိုးပြတ်အနိုင်ရလဒ်ကို သက်တောင့်သက်သာဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းယူနိုက်တက်ရဲ့ဂိုးတွေကို အာမက်ဒီယာလိုနဲ့ အီသန်ဝီလီယမ်တို့ကသွင်းယူခဲ့တာဖြစ်ပြီး ဘုန်းမောက်ရဲ့ချေပဂိုးကတော့ နောက်ခံလူဒီလစ် ကိုယ့်ဂိုးကိုယ်သွင်းယူမိရင်း ပေးခဲ့ရတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ပေါ်တူဂီသားနည်းပြက "တကယ်ကိုစိတ်ကျေနပ်စရာပွဲတစ်ပွဲပါ။ ကစားသမားတွေအားလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ စိတ်နှစ်ပြီးကစားခဲ့ကြပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ဒီလိုပဲ အာရုံစိုက်ကစားခဲ့ကြတာပါ။ ဒီတော့ ဒီပွဲက အသင်းအတွက် ကောင်းမွန်တဲ့စမ်းသပ်ချက်တစ်ခုပါ။ ပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ အီဗန်နယ်လ်ဆန်နဲ့ အန်တိုနီဆီမီညိုတို့ကိုလည်း ကျွန်တော်တို့ အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်"

"ဘောလုံးပိုင်ဆိုင်မှုမှာ ကျွန်တော်တို့အသာရခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ တစ်သင်းလုံး ဒီပွဲမှာ ပြင်ဆင်ထားတဲ့အတိုင်းကစားနိုင်ခဲ့တာပါပဲ။ အရင်ကထက်ပိုပြီးတော့ တိုးတက်လာပါပြီ။ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပါတယ်။ ဒါ့ပေမယ့် ထောင့်ကန်ဘောတွေကို ကာကွယ်တဲ့အပိုင်းမှာ ပြဿနာနည်းနည်းရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံနဲ့ကစားနေတဲ့အသင်းကိုကြည့်ရတာ တကယ်ပဲကျေနပ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဟွိုက်လန်းနဲ့ပတ်သက်ပြီး အာမိုရင်က "ကျွန်တော့်အတွက်တော့ သူ့သွင်းခဲ့တဲ့ဂိုးက သာမန်ဂိုးတစ်ဂိုးထက် ပိုပါတယ်။ ပရိသတ်တွေအတွက်ရော၊ ကျွန်တော်တို့အတွက်ပါ အရမ်းအရေးပါတဲ့ဂိုးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အသင်းဖော်တွေနဲ့ချိတ်ဆက်ပုံ၊ ပြိုင်ဘက်ကစားသမားတွေကြားမှာ ဘောလုံးရဖို့တိုက်ပွဲဝင်နေပုံတွေက အားရစရာပါ။ ဒီပွဲမှာ သူအရမ်းကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဒေါ်ဂူနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားက "အထင်ကြီးစရာကစားသမားပါ။ သူအခုမှ အသက်-၂၀ ပဲရှိပါသေးတယ်။ သူက ယူနိုက်တက်ရဲ့ဝါရင့်ကစားသမားတစ်ယောက်လိုပဲ ကစားခဲ့ပါတယ်။ အသက်-၂၀ အရွယ်မှာ ဒီလိုလုပ်နိုင်ဖို့မလွယ်ပါဘူး။ သူ့ရဲ့နည်းဗျူဟာအတိုင်းကစားနိုင်ခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းကိုလည်း အကောင်းဆုံးကူညီနိုင်ခဲ့ပါတယ်။ သူ့ကိုလည်း ကျွန်တော်အတော်လေးအထင်ကြီးမိပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။