
ချဲလ်ဆီးနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းရွေးချယ်မှုကို ကာကွယ်ပြောဆိုလိုက်တဲ့ အန်းစလော့
ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အန်းစလော့က သူ့ရဲ့အရန်ကစားသမားတွေဟာ ပွဲကစားချိန်မရရှိဘူးဆိုရင်တောင် လေ့ကျင့်ရေးကွင်းမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေ ပြသခဲ့လို့ အခွင့်အရေးပေးဖို့ ထိုက်တန်ပါတယ်လို့ ပြောဆိုရင်း လီဗာပူးအသင်းလူစာရင်းရွေးချယ်မှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
အန်းစလော့က အီလီယော့၊ ကွင်ဆာနဲ့ အန်ဒိုတို့ကို စတမ်းဖို့ဘရစ်ချ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးခဲ့ပေမယ့် အန်ဇိုမာရက်စ်ကာရဲ့အသင်းကို ရင်ဆိုင်ကစားဖို့အတွက် ဘယ်သူမှ အဆင်သင့်မဖြစ်နေခဲ့ပါဘူး။ လိဂ်ချန်ပီယံဖြစ်လာပြီးနောက် ပထမဆုံးယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်အပြီး အန်းစလော့က “ သူတို့အားလုံး အခုဘောလုံးရာသီမှာ အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့တာကြောင့် အခုလိုပွဲစဉ်မျိုးကို ပါဝင်ကစားဖို့အတွက် ထိုက်တန်မှုရှိပါတယ်။
သူတို့တွေကို အခုပွဲစဉ်တစ်ခုတည်းနဲ့တော့ ကျွန်တော်တို့ အကဲဖြတ်သွားလို့ မရပါဘူး။ ကျွန်တော်တို့က သူတို့တွေကို နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အတွက် ပါဝင်ကစားပေးတဲ့ အခိုက်အတန့်တွေမှာပဲဖြစ်ဖြစ် အကဲဖြတ်သွားရပါမယ်။ ကျွန်တော်တို့မှာ အမြဲတမ်းရှိခဲ့တဲ့အရာအချို့ အနည်းငယ်ပျောက်ဆုံးနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုရလဒ်မျိုးရရှိလာစေဖို့ ကျွန်တော်တို့မှာ အချိုးအစားအနည်းငယ် ပျောက်ဆုံးနေခဲ့ပါတယ်။
နှစ်ဂိုးပြတ်ရှုံးနိမ့်သွားချိန်မှာ ကျွန်တော်တို့အသင်းရဲ့တုံ့ပြန်ပုံကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အရှုံးမပေးဘဲ ပြန်လာနိုင်ဖို့ကြိုးစားနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့အသင်းပရိသတ်တွေလည်း အရှုံးမပေးခဲ့ပါဘူး။ ချဲလ်ဆီးလိုအသင်းကောင်းတစ်ခုနဲ့ ရင်ဆိုင်ကစားရချိန်မှာ တိုက်စစ်ဆင်မှုတွေ အများကြီးမလုပ်နိုင်ကြပါဘူး။ ဒါကိုပဲ ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ဖူးကြပါတယ်။
အခုအချိန်မှာ ပုံမှန်ပွဲကစားခွင့်ရရှိသူတွေနဲ့ အရန်ကစားသမားအချို့ တွဲဖက်ကစားနေကြတာကို မြင်တွေ့ရတာ ကောင်းပါတယ်။ အခု သူတို့ကို အခြားသူတွေနဲ့တွဲဖက်ကစားတာမြင်တွေ့ရတော့ ကျွန်တော်တို့အတွက်လည်း အကြံဉာဏ်သစ်တွေ ရရှိစေပါတယ်။ ရှုံးပွဲတစ်ခုမှ ကောင်းတဲ့အရာ ဘာတစ်ခုမှမရရှိနိုင်ပေမယ့် ပြောရမယ်ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ အရာအချို့လည်း အနည်းငယ်တော့ ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
လာမယ့်ရာသီချန်ပီယံဆုအတွက် ချဲလ်ဆီးကို လီဗာပူးရဲ့ပြိုင်ဘက်အဖြစ် ရှုမြင်ထားသလားဆိုတဲ့ မေးခွန်းကို အန်းစလော့က “ အခုဘောလုံးရာသီမှာလည်း သူတို့တွေက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ထားခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။