
ယခုနွေရာသီဘာစီလိုနာရဲ့အပြောင်းအရွှေ့တွေက ရီးရဲလ်မက်ဒရစ်ထက်ပိုကောင်းတယ်လို့ အခိုင်အမာပြောလိုက်တဲ့ အိုလ်မို
ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဒန်နီအိုလ်မိုက ယခုနွေရာသီအတွင်း အသင်းရဲ့အပြောင်းအရွှေ့လုပ်ငန်းတွေက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့အပြောင်းအရွှေ့လုပ်ငန်းတွေထက် ပိုကောင်းတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုနွေရာသီအတွင်း ဘာစီလိုနာဟာ ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်နဲ့ လီဗာပူးတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အက်စ်ပန်ညိုဂိုးသမား ဂျိုအန်ဂါစီယာတို့ကိုတော့ အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အိုလ်မိုက ယခုနွေရာသီအတွင်း အသင်းရဲ့အပြောင်းအရွှေ့တွေကို ကျေနပ်အားရမိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ နည်းပြကာလိုအန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်ပြီး ဇာဘီအလွန်ဆိုနဲ့အစားထိုးခဲ့သလို ကစားသမားသစ်တွေအနေနဲ့ ထရန့်အလက်ဇန်းဒါးအာနိုးလ်၊ ဒင်းန်ဟွိုင်ဆန်၊ အယ်လ်ဗာရိုကာရီယက်စ်နဲ့ ဖရန်ကိုမာစတန်တူအိုနိုတို့ကို ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အပြောင်းအရွှေ့တွေက ဘာစီလိုနာထက်စာရင်တော့ ပိုမိုအကျိုးရှိတယ်လို့ဆိုရမှာဖြစ်ပေမယ့် အိုလ်မိုကတော့ သူ့ရဲ့အသင်းကသာ ပိုကောင်းတယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်က “ရီးရဲလ်မက်ဒရစ်က အကောင်းဆုံးကစားသမားတွေခေါ်ယူထားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါက ကျွန်တော်တို့အတွက်လည်း ကြိုးစားချင်စိတ်ဖြစ်စေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း ကိုယ့်ဟာနဲ့ကိုယ် သန်မာပြီးသားပါ။ ကျွန်တော်တို့က ပိုတောင်ကောင်းလိမ့်မယ်လို့ ပြောနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဩဂုတ်လ ၄ ရက်နေ့မှသာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေစတင်လုပ်ဆောင်သွားမှာဖြစ်ပြီး ဘာစီလိုနာကတော့ ယခုအခါမှာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကစားဖို့ အာရှသို့ရောက်ရှိနေပါတယ်။